ဆီဆိုင် အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့နံနက် ၉ နာရီခန့်က သတ်မှတ်စုရပ်နေရာများ၌ ဆေးထိုးအဖွဲ့များဖြင့် ထိုးနှံပေးသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမှာ (Sinovac) အမျိုးအစားဖြစ်ပြီး ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူများအတွက် လက်ဆေးဘေစင်များ၊ လက်သန့်ဆေးရည်များထားရှိပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် ပါဝင်မှုတိုင်းတာပေးခြင်းတို့ကို ကျန်းမာရေး ဝန်ထမ်းများက စနစ်တကျ ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေး၍ ဆေးထိုးနှံပြီး နောက်တွင်လည်း မိနစ် ၃၀ အကြာ စောင့်ကြည့်ပြီးမှ ပြန်လည် ထွက်ခွာခွင့်ပြုကြောင်း သိရသည်။
ကုန်းဆွတ်ကျေးရွာအုပ်စု၊ မမုံ့ဆုံကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)၌ ကာကွယ်ဆေးထိုးနှံပေးနေမှုကို ပညာရေး ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် စာရေးများ၊ Volunteer များတို့က ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို သတ်မှတ်စုရပ်နေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)