အသက် (၁၂) အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ဆက်လက်ထိုးနှံပေး

ပုဗ္ဗသီရိ အောက်တိုဘာ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် နဝဒေးရပ်ကွက်ရှိ အမှတ် (၂၀) အခြေခံပညာထက်တန်း ကျောင်း၌ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ မှ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီတွင် ဆက်လက်ထိုးနှံပေး လျက်ရှိသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်သိမ့်ထွေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ နေပြည်တော် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် အသက် (၁၂) အထက် ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်နေရာသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ အောက်ဆီဂျင် တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်အနေဖြင့် ကာကွယ်ဆေးထိုးမယ့် အခြေခံပညာကျောင်းပေါင်း (၅၉) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၉)ကျောင်းနဲ့ ဘကကျောင်း (၅) ကျောင်း စုစုပေါင်း(၇၃)ကျောင်းမှ အသက်(၁၂)နှစ် အထက်ကျောင်းသား ကျောင်းသူများကို (၁၂-၁၀-၂၀၂၁) ရက်နေ့မှ စတင်ထိုးနှံပေးလျှက်ရှိရာ ယနေ့ထိ အသက်(၁၂)နှစ် အထက်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၆၆၈၅)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)