ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အသက် ၄၅ နှစ် နှင့် ၅၄ နှစ် ကြားရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆက်လက်ထိုးနှံပေး

ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက် ၄၅ နှစ်နှင့် ၅၄ နှစ် ကြားရှိသူများ၊ သတ်မှတ်ဦးစားပေး အုပ်စုအလိုက်ကာကွယ်‌ဆေး ထိုးနှံပေးရာတွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိခဲ့သူများကို  ယနေ့ နံနက် ၉ နာရီမှစ၍  ဦးထွန်းအိုရပ်ကွက်ရှိ (ထ-ခွဲ ) အခြေခံပညာ အလယ်တန်း‌ကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ရပ်ကွက်များအတွင်းရှိ အသက် ၄၅ နှစ်နှင့် ၅၄ နှစ် ကြားရှိ သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန်ကျန်ရှိခဲ့သူများပါဝင်သည့် မြို့နယ်နေပြည်သူများအား အောက်တိုဘာ ၂၆ ရက်နေ့မှစ၍ ထိုးနှံပေးရာ ၁,၈၈၅ ဦးအားထိုးနှံပေးခဲ့ပြီး၊ ယနေ့တွင် အဆိုပါ အုပ်စုများထဲမှ ကျန်ရှိသူ ၄၃၀ ဦးကို မြို့နယ်သူနာပြုဆရာမကြီး ဒေါ်ခင်ပပလွင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ၊ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့က ကြီးကြပ်၍ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ရေးကော်မတီဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ဝေယံ(IPRD)