ကော့မှူး၌ ဆန်၊ ဆီနှင့် အမဲသား၊ ဆိတ်သားများ ဈေးနှုန်းချိုသာစွာဖြင့် လာရောက်ရောင်းချပေး

ကော့မှူး အောက်တိုဘာ ၂၈

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများ အမှန်တကယ်လိုအပ်သော အခြေခံစားသောက် ကုန်များ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၏ စီစဉ်မှုဖြင့် ယနေ့ နံနက် ၉ နာရီမှ စတင်၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှေ့တွင် ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် အမဲသား၊ ဆိတ်သားများအား ဈေးနှုန်းသက်သာစွာ ဖြင့်လာ‌ ရောက်ရောင်းချပေးနေကြောင်း သိရသည်။

အဆိုပါ‌ ဈေးရောင်းချရာတွင် ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဧည့်မထ တစ်ပြည်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၅၀၀၀ ဖြင့် ဆန်အိတ်(၁၀၀) အိတ် အားလည်းကောင်း၊ ပေါ်ဆန်းတစ်ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၈၅၀၀ ဖြင့် ဆန်အိတ်(၁၀၀) အိတ်အားလည်းကောင်း ဆီငါးဆယ်သားတစ်ဘူးကို ငွေကျပ် ၁၈၅၀ ကျပ်နှုန်းဖြင့် ဆီ(၂၀၀)ဘူးအားလည်း‌ကောင်း၊ အမဲသားတစ်ဆယ်သားကို‌ ငွေကျပ်(၁၂၀၀) နှုန်းဖြင့် (၁၀)ပိသာအား လည်းကောင်း၊ ဆိတ်သားတစ်ဆယ်သား ကို(၁၇၀၀)ကျပ်နှုန်းဖြင့်(၃၀)ပိသာတို့ အား လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယခုလို လာရောက် ရောင်းချပေးမှုအပေါ် ရပ်ကွက်နေပြည်သူတစ်ဦးဖြစ်သူ ဒေါ်အေးမြင့်ကလည်း ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အခြေခံစားသောက်ကုန်ပစ္စည်းတွေကို ယခုလိုဈေး နှုန်းသက်သာစွာ ဖြင့် ရောင်းချပေးတာဟာ မြို့နယ်ပြည်သူတွေအတွက် အရမ်းကို အဆင်ပြေမှုရှိပါတယ်။ ဈေးနှုန်းတွေက ချိုသာတဲ့အပြင် ရောင်းချသောပစ္စည်း တွေလည်း လတ်ဆတ်သန့်ရှင်းမှုရှိတယ် နောင်လည်း ယခုလို လာရောက် ရောင်းချပေးစေချင်ပါတယ် ယခုလိုလာ‌ ရောက်ရောင်းချပေးရန် စီစဉ်ပေးသူများကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။ 

အဆိုပါ ဈေး‌ရောင်းချရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့် ဝန်ထမ်းများ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဈေးဝယ်လာပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွား စေရေးအတွက် ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ဈေးဝယ်‌ယူနိုင်ရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကော့မှူး ပြန်/ဆက်