မိုးနဲ အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ယမန်နေ့ ညပိုင်းအချိန်က တောင်ကြီးမြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဓာတ်ခွဲခန်း၏အဖြေအရ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၈ ဦး ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မိုးနဲမြို့နယ် Quarantine Center များ ၊Stay at Home နေသူများ ၊Home Quarantine ဝင်ရောက်နေသူများနှင့် ဆေးရုံအတွင်းလူနာ စုစုပေါင်း ၃၃ ဦးတို့၏ နှာခေါင်း/အာခေါင်တို့ဖတ် နမူနာများကို တောင်ကြီးမြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ပေးပို့စစ်ဆေးခဲ့ရာ ယမန်နေ့ည ဓာတ်ခွဲခန်း၏ထုတ်ပြန်ချက် အဖြေအရ လွိုင်မြေရပ်ကွက်နေ အမျိုးသား( ၁) ဦးနှင့် အမျိုးသမီး(၂)ဦးတို့တွင်လည်းကောင်း၊ နာဟောင်ရပ်ကွက်နေ အမျိုးသားတစ်ဦး၌ လည်းကောင်း၊ ဥယျာဉ်ရပ်ကွက်နေ အမျိုးသမီးတစ်ဦး၌လည်းကောင်း ၊ကုန်းလွန်းကျေးရွာအုပ်စု ဟွေဟေးကျေးရွာနေ အမျိုးသမီးတစ်ဦး၌လည်းကောင်း ၊နားခံကျေးရွာအုပ်စု နာခံကျေးရွာနေ အမျိုးသား (၂ )ဦး၌လည်းကောင်း ၊စုစုပေါင်း( ၈ )ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံစစ်ဆေး တွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာများအား မိုးနဲမြို့နယ် ပြည်သူ့ဆေးရုံရှိ Isolation Ward သို့ ဆေးရုံ AMBULANCE ယာဉ်ဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ယမန်နေ့ ညပိုင်းတွင် ပြောင်းရွေ့ပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ၊ဇူလိုင်လ( ၁ )ရက်နေ့မှ ယနေ့အထိ မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ( ၂၄၇ )ဦးအထိရှိလာပြီး ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၂၁၁) ဦး၊ သေဆုံးသူ (၂) ဦးနှင့် ကုသဆဲလူနာ (၃၄) ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)