တောင်သမန်အင်း ဦးပိန်တံတား ဌက်လှေအသင်းမှ ကိုဗစ်-၁၉ ကာလအတွင်း ခရီးသွားနည်းပါးခြင်းကြောင့် ငှက်လှေစီးခများ ဈေးလျှော့ပေးနေရ

မန္တလေး ဩဂုတ် ၁၉

ကိုဗစ်-၁၉ ကာလအတွင်း ခရီးသွားနည်းပါးခြင်းကြောင့် ငှက်လှေစီးခများ ဈေးလျှော့ပေးနေရကြောင်း တောင်သမန်အင်း ဦးပိန်တံတားဌက်လှေအသင်းမှ သိရသည်။

" အခုလောလောဆယ်တော့ ကိုဗစ်ကာလမို့ ငှက်လှေစီးခနှုန်းထားတွေလျော့ပေးနေရတယ်။ ဟိုတုန်းကတော့ မြန်မာခရီးသွားဧည့်သည်ဆို တစ်စီးကို ၁၀ ယောက်လောက်စီးတယ်၊ ၈ထောင်လောက်ယူတယ်။ အခုကျ ၆ ထောင်ယူတယ်။ ၈ ထောင်ယူတယ်။ ငှက်လှေကစီးမယ့်သူလည်း မရှိဘူး။ နိုင်ငံခြားခရီးသွားဧည့်သည်လည်း မရှိသလောက်ရှားသွားပြီ။ " ဟု တောင်သမန်အင်း ဦးပိန်တံတား ဌက်လှေအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။

ယခင်ငှက်လှေဈေးနှုန်းမှာ နိုင်ငံခြားခရီးသွားဧည့်သည်များ နေဝင်ချိန်ကြည့်မည်ဆိုလျှင် ညနေ ၄ ခွဲမှ ၆ နာရီအတွင်း ၄ ယောက်စီး ငှက်လှေတစ်စီးလျှင် ၂ သောင်းကျပ်၊ နေဝင်ချိန်ကို ခနလောက်ကြည့်မယ်ဆိုရင် ငှက်လှေတစ်စီးကို တစ်သောင်းခွဲကျပ်၊ မြန်မာခရီးသွားဧည့်သည်ဆိုလျှင် ၁၀ ယောက်စီး ငှက်လှေတစ်စီးကို ၈ ထောင်ဈေးဖြင့် ပြေးဆွဲပေးရာမှ ယခု ကိုဗစ်-၁၉ ကာလတွင် ခရီးသွားနည်းပါးခြင်း၊ နိုင်ငံခြားခရီးသွားဧည့်သည်တော့ မရှိသလောက်ရှားသွားခြင်းကြောင့် ငှက်လှေတစ်စီးလျှင် ၆ ထောင်ကျပ်မှ ၈ ထောင်ကျပ်ဈေးအတွင်း ခရီးသွားများ အဆင်ပြေစေရန် ဈေးများလျှော့ပြီး ပို့ပေးနေရကြောင်း သိရသည်။

" အရင်တုန်းက ငှက်လှေက တစ်စီးကို ရှစ်ထောင်သတ်မှတ်ထားတာပါ။ ဒါပေမယ့် အခု ကိုဗစ်ရောဂါဖြစ်နေတဲ့အတွက် လာတဲ့ခရီးသည်လေးတွေကို ရှစ်ထောင်ရယ်မဟုတ်တော့ဘူး။ ခြောက်ထောင်လောက်နဲ့ ပို့ပေးနေရတဲ့အခါမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် ခရီးသည်တွေ အဆင်ပြေအောင် တတ်နိုင်သလောက်ဈေးတွေလျော့ချပြီး ပို့ပေးနေပါတယ်။ အခုတော့ ခရီးသွားရှားတော့ တစ်ခါတလေလည်း တစ်ခေါက်ပေါ့။ တစ်ခါတလေလည်း မရပါဘူး။ သိပ်အဆင်မပြေလှဘူး။ ရတာလေးကို ခြိုးခြံချွေတာသုံးနေရတာပေါ့။ ကိုယ့်အိမ်မှာ ရောင်းလို့ရတာရောင်းစား ပေါင်လို့ရတာပေါင်စားပြီး နေနေရတာပေါ့။ " ဟု ငှက်လှေမောင်းသူ ဦးသိန်းဝင်းက ပြောသည်။

ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ကိုဗစ်-၁၉ ရောဂါကြောင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးချိန်တွင် ဝင်ငွေရရှိစေရေးနှင့် ဝန်ဆောင်မှုတိုးတက်ကောင်းမွန်စေရေးကို ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန မန္တလေးတိုင်းဒေသကြီး၏ကြီးကြပ်မှု၊ မန္တလေးဧည့်လမ်းညွှန်များအသင်း၏ပူးပေါင်းပါဝင်မှုဖြင့် COVID-19 Relief Package 1 ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းကို အမရပူရမြို့နယ် တောင်မင်းကြီးကျောင်း၌ ဖွင့်လှစ်ပေးနေကြောင်း၊ အဆိုပါသင်တန်းတွင် တောင်သမန်မှ ငှက်လှေသမား ၂၀ ဦးတက်ရောက်ပြီး တစ်ဦးလျှင်နေ့စဉ်ထောက်ပံ့ကြေးငွေ ၄၈ဝဝ ကျပ်နှုန်း ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

ထိပ်ထားနိုင်