ကျောက်မဲ အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဆေးထိုးစုရပ်များသို့ သွားရောက်ပြီး မဖြစ်မနေ ကာကွယ်ဆေး ထိုးနှံကြရန် အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်နှင့် ကျေးရွာများသို့ သွားရောက်ပြီး အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေးနှိုးဆော် ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ က ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်အတွက် မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန် ၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask) မဖြစ်မနေ စနစ်တကျ တပ်ဆင်သွားလာကြရန် ၊ လက်ကို စက္ကန့် (၂၀)ကြာ စနစ်တကျ ဆေးကြောကြရန် ၊ လူစုလူဝေး ပြုလုပ်ခြင်းများကို ရှောင်ကြဉ်ကြရန် ၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွါခွါ နေထိုင်သွားလာကြရန် ၊ ရောဂါပိုးကူးစက် ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန် ၊ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ကျန်းမာရေးဝန် ကြီးဌာနမှ ထုတ်ပြန်ထားသော ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး လမ်းညွှန်ချက်များကို ပြည်သူများအားလုံးက ကိုယ်စီ လိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်နှင့် အသက် ၅၀ နှစ်အထက် ပြည်သူများအား ကိုဗစ်ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးမည့် အစီအစဉ် များကို လှည့်လည်ကာ အသိပေးနှိုးဆော် ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ဇွန် ၂၂ ရက်နေ့မှ အောက်တိုဘာ ၂၆ ရက်နေ့ နေ့လယ် ၁၂ နာရီအထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ စုစုပေါင်း ၁၇၅၈ ဦး ၊ ကုသဆဲလူနာ ၆၁ ဦး၊ သေဆုံးသူ ၉၇ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဌာနမှသိရသည်။
မိုင်းထွန်း(ပြန်/ဆက်)