ကျောက်မဲ အောက်တိုဘာ ၂၇
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီး ပြန်လည်ကောင်းမွန်လာသည့် ကျောက်မဲမြို့နယ်၊ အမှတ် ၁ ရပ်ကွက်နေ ဒေါ်မြအေး၏ ရင်တွင်းစကားသံများကို ယခုလိုပဲ ကြားသိခဲ့ပါတယ်-
ဒေါ်မြအေး
ကျွန်မနာမည်ကတော့ ဒေါ်မြအေးပါ အမှတ် ၁ ရပ်ကွက်မှာ နေထိုင်ပြီးတော့ ငွေပုဂံ ခန်းမနဲ့ ထမင်းဆိုင် ဖွင့်လှစ်ထားပါတယ်။ အသက်ကတော့ ၇၂ နှစ်ရှိပါပြီ။
ကျွန်မကိုဗစ် စဖြစ်ရတဲ့အကြောင်းအရင်းက ကျွန်မတို့က ထမင်း၊ ဟင်းတို့ကို ပါဆယ် စနစ်နဲ့ ရောင်းတော့ ငွေတွေလက်ခံရယူရာကနေတဆင့် ကူးစက်တယ်လို့တော့ ယူဆတာပါပဲ။ စဖြစ်တဲ့နေ့မှာ ကျွန်မ ခေါင်းတွေ အရမ်းကိုက်ပါတယ်။ နောက် ၄ ရက်လောက်ကြာတော့ အနံ့တွေ ပျောက်ပါတယ်။ ကျွန်မလဲ စိတ်ပူပြီး ရပ်ကွက်ကနေတဆင့် ကျန်းမာရေးဌာနကို စစ်ဆေးပေးဖို့ အကြောင်းကြား လိုက်တယ်။ အဲဒီလို အကြောင်းကြားလိုက်တော့ ကျန်းမာရေးဌာနက ဆရာတွေ ကျွန်မတို့ မိသားစုတွေကို လာစစ်ဆေး ပေးပါတယ်။ စစ်ဆေးတော့ကိုဗစ်ဖြစ်တာ ကျွန်မ တစ်ယောက်တည်းပါပဲ။ ကျွန်မ ဆေးရုံမှာ ၁၃ ရက်လောက် ဆေးကုသမှု ခံယူခဲ့ရပါတယ်။ ဝေဒနာတော့ ပြင်းပြင်းထန်ထန် မခံစားခဲ့ရပါဘူး။ အောက်ဆီဂျင်နည်းနည်းကျတာလောက်ပဲဖြစ်တယ်။ ကျန်းမာရေးက ဆရာ/ဆရာမတွေက တစ်နေ့ကို ၂ ကြိမ် အဖျား၊ အောက်ဆီဂျင်တိုင်းတာ ကျန်းမာရေးစစ်ဆေးတာတွေ လုပ်ပေးတယ်။ တစ်နေ့တစ်ကြိမ် ဆေးထိုးပေးပါတယ်။ တစ်ခုခုဖြစ်တယ်လို့ ပြောလိုက်ရင်လဲ ဆေးရုံက ချက်ချင်းလာကြည့်ပေးပြီး ဆေးတွေထပ်ပေးပါတယ်။ အပြည့်အဝ ကျန်းမာရေးစောင့်ရှောက်မှု ပေးတော့ စိုးရိမ်စိတ် သိပ်မဖြစ်ခဲ့ရပါဘူး။ အခက်အခဲရှိတာက အောက်ဆီဂျင်ပါပဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် အပြင်မှာ ရှာရတယ်။ အဲဒီအချိန်ဆေးရုံမှာ လူနာများတော့ အောက်ဆီဂျင်တွေက သိပ်မလုံလောက်ဘူး။
ဆေးရုံမှာ အစားအသောက်အတွက် မပူရပါဘူး အလှူရှင်တွေရဲ့လှူဒါန်းမှုနဲ့တစ်နေ့ကို ထမင်း ၃ နှပ်ကျွေးပါတယ် ရေကအစ ပြည့်စုံအောင်စီစဉ်ထားပေးပါတယ်။ အိမ်က ပို့ပေးရတာကတော့ အသီးအနှံနဲ့ စွပ်ပြုတ်တွေလောက်ပါပဲ။ ကျွန်မ ဆေးရုံမှာ နေတဲ့အချိန် ကျန်းမာရေးအတွက် လမ်းထ လျှောက်တယ်။ အသက်ရှူ လေ့ကျင့်ခန်းလုပ်တယ်။ နေပူစာလှုံတယ်။ အာဟာရ ရှိအောင် အသီးအနှံတွေစားတယ်။ စွပ်ပြုတ်သောက်ပါတယ်။
ကျွန်မကိုဗစ် ရောဂါဖြစ်တဲ့အချိန်ကာကွယ်ဆေး မထိုးရသေးဘူး။ အဲဒီတုန်းကကာကွယ်ဆေး ထိုးလိုက်ရင် ဖျားမှာနာမှာ ကိုက်ခဲမှာကြောက်တဲ့စိတ်ပေါ့လေ နောက်ပြီး ကောလဟလ သတင်းတွေ ကြောင့် ပိုကြောက်ခဲ့ရတာပေါ့လေ ဒါကြောင့်မထိုးဖြစ်ခဲ့တာပါ။ အခုတော့ ကိုဗစ်ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးပါပြီ။ ကာကွယ်ဆေး မထိုးရသေးတဲ့သူတွေကို ကာကွယ်ဆေး အမြန်ထိုးပါလို့ အကြံပြုချင်ပါတယ်။ ကိုဗစ်ရောဂါ ဖြစ်တာချင်းအတူတူ ကာကွယ်ဆေး ထိုးပြီးတဲ့သူတွေက သိပ်မခံစားဘူးလို့ ကျွန်မရဲ့မိတ်ဆွေတွေ ပြောပြချက်အရ သိခဲ့ရတယ်။ အဲဒါကြောင့် ကာကွယ်ဆေးကို ထိုးကြပါ။ နောက်ပြီး မိမိကိုယ်မိမိ ကိုဗစ် ရောဂါ ဖြစ်တယ်လို့ သံသယရှိရင် ဆေးရုံနဲ့ ဆက်သွယ်ပြီး ဆေးကုသမှုခံယူပါ။ အိမ်မှာပဲ ကြိတ်မကုကြပါနဲ့။ မိမိအတွက်လဲ မကောင်းဘူး။ အတူနေမိသားစုဝင် တွေအတွက်လဲ စိတ်ပူရတယ်။ ဆေးရုံမှာဆိုရင် အချိန်ပြည့် အနီးကပ် ကြည့်ပေးမဲ့ ဆရာ/ဆရာမ တွေရှိတယ်။ စိတ်မပူရဘူး။ ဆေးရုံတက်ပြီး ဆေးကုသလို့ သက်သာရင် စိတ်ချရရင် ၁၁ ရက်လောက်ဆို ဆေးရုံက ပေးဆင်းတယ်။
နောက်ဆုံးအနေနဲ့ အကြံပြုလိုတာကတော့ မလွှဲမရှောင်သာ လူစုလူဝေးတွေကြား သွားရရင် Mask တပ်ပါ။ ခပ်ခွာခွာနေပါ။ လက်ကိုမကြာခဏဆေးပါ။ ကိုဗစ်၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး ကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ နေထိုင်ကြပါလို့ပြောချင်ပါတယ်ရှင်။
တွေ့ဆုံမေးမြန်းသူ-ဒေါ်နှင်းရည် (ကျောက်မဲခရိုင် ပြန်/ဆက်)