ကျောက်ဆည် အောက်တိုဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သစ်တောလွှမ်းခြုံမှုပိုမိုရရှိပြီး သဘာဝဂေဟစနစ် ထိန်းသိမ်းနိုင်ရေး ၂၀၂၀-၂၀၂၁ ခုနှစ် မိုးရာသီတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ပြည်သူများ၏ နေအိမ် ဝန်းများ၊ ဌာနဆိုင်ရာများ၊ ဘုန်းတော်ကြီးကျောင်းများတွင် စိုက်ပျိုးနိုင်ရန်အတွက် လူထုဖြန့် ပျိုးပင် ပေါင်း (၅)သောင်း ပျိုးထောင်ထားပြီး အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လူထုဖြန့်ပျိုးပင်များအခမဲ့ဖြန့်ဝေရာမှာ"ကျွန်တော်တို့ သစ်တောဦးစီးဌာနအနေဖြင့် ဒေဒေသတွင်း စိမ်းလန်းစိုပြေရေးနဲ့ရာသီဉတုကောင်းမွန်မျှတစေရန်အတွက်ပြည်သူမျာရဲ့နေအိမ်ခြံဝင်းများ၊ ဌာနဆိုင်ရာရုံးဝင်းများအတွင်းနှင့် ဘုန်းတော်ကြီးကျောင်းတွေမှာ စိုက်ပျိုးဖို့အတွက် ကျွန်း(၃၀၀၀)ပင်၊ တမာ (၁၄၀၀၀)ပင်၊ မယ်ဇလီ (၃၀၀၀)ပင်၊အာသောက(၃၀၀၀)ပင်၊ရေတမာ(၆၀၀၀)ပင်၊ မယ်ဇယ်(၇၅၀၀)ပင် ၊ စိန်ပန်း(၄၀၀၀)ပင်၊ ခရေ (၁၀၀၀)ပင်၊ငုရွှေဝါ(၃၀၀၀)ပင်၊ လျှော်ဖြူ(၁၀၀၀)ပင်၊ သစ်ဆိမ့်(၁၅၀၀)ပင်၊ ပင်လယ်ကဗွီး(၃၀၀၀)ပင်၊ စုစုပေါင်း ပျိုးပင်အမျိုးအစား(၁၂)မျိုး၊ ပျိုးပင်အရေအတွက်(၅၀၀၀၀)ပင် ပျိုးထောင်ပြီး အခမဲ့ဖြန့်ဝေပေးကြောင်း" မြို့နယ်သစ်တောဦးစီးဌာနမှဦးစီးအရာရှိ ဦးထက်လင်းက ရှင်းလင်းပြောသည်။
ထိုသို့ ပျိုးလူထုဖြန့်ပျိုးပင်များကို ၂၀၂၁-ခုနှစ် ဇွန်လမှစတင်ပြီး ဖြန့်ဝေလျက်ရှိရာယခုအခါပျိုးပင်ပေါင်း (၅၀၀၀၀) ဖြန့်ဝေပြီးကြောင်းနှင့်ပြည်သူများ ထင်းလုံလောက်မှုရှိစေရေးအတွက် ရဲယမန်းတောင်ပေါ်ဒေသဖြစ်သည့် ရဒါန်းချောင်းဆုံမြောက်ပိုင်း ကြိုးဝိုင်းအကွက်အမှတ်(၂၀)နှင့်(၂၁)တွင် ကျေးရွာ ထင်းစိုက်ခင်းအဖြစ် မြေဧက (၈၀)၌ ယူကလစ်ပျိုးပင် (၉၆၁၆၀)ပင်နှင့်ရှားပင်(၂၀၀၀၀)ပင် စုစုပေါင်း (၁၁၆၁၆၀)ပင် စိုက်ပျိုးထားကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)