ဆီဆိုင် ဩဂုတ် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် နမ့်ပွန်ချောင်းရေအားလျှပ်စစ်စီမံကိန်း၏ ဖြစ်မြောက်နိုင်စွမ်း ဆိုင်ရာ လေ့လာမှုအစီအစဉ်များအား ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စီမံကိန်းရှင်းလင်းပွဲတွင် HTCT Energy Investment Co.,Ltd. (Myanmar) ကုမ္ပဏီမှ Project Director ဦးမျိုးထွဋ် က စီမံကိန်းနောက်ခံသမိုင်းကြောင်းနှင့် ကုမ္ပဏီအတွေ့အကြုံများကို လည်းကောင်း၊ HTCT Energy Investment Co.,Ltd. (Myanmar) ကုမ္ပဏီမှ Design Engineer ဦးဝင်းသူအောင် က စီမံကိန်းဖြစ်မြောက်နိုင်စွမ်းဆိုင်ရာ လေ့လာမှုအစီအစဉ်များ၊ နမ့်ပွန်ရေအား လျှပ်စစ်စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းဆိုင်ရာ ကွင်းဆင်းဆောင်ရွက်သည့်လုပ်ငန်းများဖြစ်သည့် ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာမှုများ၊ မြေမျက်နှာသွင်ပြင်အနေအထား လေ့လာတိုင်းတာမှုများ၊ ဇလဗေဒဆိုင်ရာ ရေစီး/ရေလာ အခြေအနေနှင့် စီးဝင်ရေစီးနှုန်းတိုင်းတာမှုများနှင့် နမ့်ပွန်အထက် ပိုင်း ရေအားလျှပ်စစ်စီမံကိန်းများအတွက် လျာထားသည့် Run Off River Type စီမံကိန်း အမျိုးအစား နမူနာများကိုလည်းကောင်း၊ ERM Environmental Resources Management ကုမ္ပဏီမှ Assistant Consultant ဒေါ်စုစုလှိုင် က သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ ထိခိုက်နိုင်မှု ရှိ/မရှိ လေ့လာဆန်းစစ်ခြင်း အကြောင်းအရာများကိုလည်းကောင်း ပရိုဂျက်တာဖြင့် အသီးသီးရှင်းလင်း တင်ပြပြီး တက်ရောက်လာသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ပယ်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပင်စုံ၊ တောင်ရှေ့၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာတာဝန်ခံများတို့က ပြန်လည်ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
အထက်နမ့်ပွန်ရေအားလျှပ်စစ်စီမံကိန်းများသည် စီးဝင်ရေစီးနှုန်းကို တိုက်ရိုက်အသုံးပြု စက်လည်ပတ်မောင်းနှင်သည့် Run Off River Type စီမံကိန်းအမျိုးအစားဖြစ်ပြီး စုစုပေါင်း စက်တပ်ဆင်အင်အား ၁၇၀ မဂ္ဂါဝပ် တပ်ဆင်ရန် လျာထားကြောင်း သိရသည်။
ခွန်ရဲထွေး(ပြန်/ဆက်)