နေပြည်တော် အောက်တိုဘာ ၂၆
နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီ၏ (၂/၂၀၂၁) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်က လုပ်ငန်းကော်မတီ အသီးသီးအနေဖြင့် မိမိတို့နှင့် သက်ဆိုင်သည့်လုပ်ငန်းများကို ပိုမိုတိုးတက်ကောင်းမွန် အောင် ကြိုးစားဆောင်ရွက် ပေးကြစေလိုကြောင်း၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃) ခုနှစ် ရည်မှန်းချက်ပါ “အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသည့် ကလေးလုပ်သားများအား ဖယ်ရှားပြီး၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေး၊ အသက်မွေးပညာကျောင်းများ တက်ရောက် နိုင်ရန် စီမံဆောင်ရွက်ပေးရန်” ဟုလမ်းညွှန်ခဲ့သဖြင့် မိမိတို့ အနေဖြင့် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးကို ညွှန်ကြားချက်များနှင့်အညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေ လိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီအတွင်း ရေးမှူး၊ နေပြည်တော်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဆုမြတ်သဇင်က ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီဥက္ကဋ္ဌများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း ဆွေးနွေးကြရာ နေပြည်တော်ကောင်စီ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်က တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)