မိုးနဲ အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၉ ဦး ကျန်းမာရေးကောင်းမွန်သဖြင့်ဆေးရုံမှ ၎င်းတို့၏ နေအိမ်အသီးသီးသို့ ဆေးရုံ AMBULANCE ယာဉ်ဖြင့် မြို့နယ်ကြက်ခြေနီအသင်းက ယမန်နေ့နံနက်ပိုင်းက ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသိရပြီး ဆေးရုံဆင်းခွင့်ရရှိသူများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇင်မီဟန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန် ချက်များနှင့်အညီ လိုက်နာနေထိုင်ကြရန် မှာကြားရှင်းလင်းခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်တွင် ဇူလိုင်လ ၁ ရက်နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူပေါင်း ၂၃၂ ဦး ၊ဆေးရုံမှ ကျန်းမာရေးကောင်းမွန်သဖြင့် နေအိမ်သို့ပြန်ခွင့်ရရှိသူ ၂၀၈ ဦး ၊ဆေးရုံတွင် ဆေးကုသ မှုခံယူလျက်ရှိသူ ၂၂ ဦးနှင့် သေဆုံးသူ နှစ်ဦးရှိကြောင်း သိရသည်။
မိုးနဲမြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင် ရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျတပ်ဆင်ကြရန်၊ လက်ကို မကြာခဏဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ကြရန်၊ မိမိတို့ နေအိမ်တွင် အသက် (၆၅)နှစ်နှင့်အထက် အသက်အရွယ် ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါတစ်ခုခုခံစားနေရသူ ရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို တပ်ဆင်ထားစေခြင်း၊ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းတို့ကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် စသည့် အချက်များကို စဉ်ဆက်မပြတ် လှည့်လည်နှိုး ဆော်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)