ကျိုင်းတုံ အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း အမြန်ဆုံးလျော့ချနိုင်ရေးအတွက် ဒေသခံပြည်များအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှု ရှိ၊ မရှိ အခမဲ့စစ်ဆေးပေးခြင်းကို ယနေ့တွင် ရပ်ကွက်၊ ကျေးရွာများတွင် RDT Test Kit ဖြင့် တာဝန် ရှိသူများက တိုးမြှင့်စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ယခင်ထက် လျော့နည်း ကျဆင်း လာသော်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း ဆက်လက်လျော့နည်းလာစေရေး အတွက် မြို့နယ်အတွင်း ကျေးရွာများရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက် ခံရမှု ရှိ၊ မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခဲ့ပြီး ရောဂါပိုးကူးစက်ခံရမှု စစ်ဆေး တွေ့သူများကို တာဝန်ရှိသူများက အတည်ပြုလူနာကုသဆောင်သို့ စနစ်တကျပို့ဆောင်ပြီး ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ စစ်ဆေးပေးခြင်းကို ကျိုင်းတုံမြို့နယ်ရှိ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင် ဆောင်ရွက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ စစ်ဆေးကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)