ရှမ်းရွာ၌ ၁၂ ကြိမ်မြောက် သီတင်းကျွတ် သက်ကြီးပူဇော်ကန်တော့ပွဲ ကျင်းပ

လှည်းကူး အောက်တိုဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ရှမ်းရွာကျေးရွာ၌ ၁၂ ကြိမ်မြောက် သီတင်းကျွတ် သက်ကြီးပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက  အဖြူရောင်ကြယ်တစ်ပွင့် ပရဟိတအသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ သက်ကြီးပူဇော်ကန်တော့ပွဲ အခမ်းအနားတွင် ကျေးရွာသူ၊ ကျေးရွာသားများနှင့် အဖြူရောင်ကြယ်တစ်ပွင့် ပရဟိတအသင်းရုံး အဖွဲ့ဝင်များက သံဃာတော် အရှင်သူမြတ် များအား ပင့်ဖိတ်၍ အာရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းပြီး အသက် ၇၀ နှစ်နှင့်အထက် သက်ကြီး အဖိုး၊ အဖွားများကို နံနက်စာဖြင့် ကျွေးမွေးလှူဒါန်းကြသည်။

ထို့နောက် အဖြူရောင်ကြယ်တစ်ပွင့် ပရဟိတအသင်း (ကျေးလက်ကြယ်တစ်ပွင့်) ဆရာတော် ဦးဆောင်မှုဖြင့် တပည့်ဒါယကာ၊ ဒါယိကာမများနှင့် ကျေးရွာသူ၊ ကျေးရွာသားများက ရှမ်းရွာကျေးရွာ အတွင်းရှိ သက်ကြီး အဖိုး၊ အဖွား ၃၀ ကျော်ကို  တစ်ဦးလျှင် ပူဇော်ကန်တော့ငွေ ၂၃,၀၀၀ ကျပ်နှင့် မျက်နှာသုတ် တံဘက်ကြီး ၁ ထည်၊ ယောဂီသဘက် ၁ ထည်စီတို့ကို လှူဒါန်း ကန်တော့ခဲ့ကြသည်။

အဆိုပါ သက်ကြီးပူဇော်ကန်တော့ပွဲ အခမ်းအနားသို့ ကျန်းမာရေး အခက်အခဲများကြောင့် လာရောက်နိုင်ခြင်း မရှိသည့် သက်ကြီး အဖိုး၊ အဖွားများထံသို့ ကျေးရွာလူငယ်များအဖွဲ့က အိမ်တိုင်ရာရောက် သွားရောက်ကန်တော့ခဲ့ကြကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)