သီပေါ အောက်တိုဘာ ၂၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့တော်ခန်းမ စုရပ်နေရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် စတင်ထိုးနှံ ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်း တွင်လည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် တတိယအသုတ် (ပထမအကြိမ်) တွင် စက်တင်ဘာလ ၁၉ ရက်နေ့မှ အောက်တိုဘာလ ၂၂ ရက်နေ့အထိ လူဦးရေ (၁၇၄၁၀) ဦးကို ထိုးနှံပေးခဲ့ပြီး ယခုအခါ ဒုတိယအကြိမ် ထိုးနှံရမည့်သူများကို နေ့ရက်အလိုက် ထိုးနှံပေးတာဖြစ်ကြောင်း၊ ယမန်နေ့က ဒုတိယအကြိမ်အတွက် လူဦးရေ (၁၁၇၀)ဦးကို ထိုးနှံပေးခဲ့ပြီး ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦး ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံသည့်နေရာသို့ ဆေးထိုးရန်လာရောက်သော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကိုယ်ပူချိန် တိုင်းတာစစ်ဆေးပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် သန့်စင်စေခြင်း၊ သွေးပေါင်ချိန် တိုင်းတာစစ်ဆေးပေးခြင်း၊ မှတ်တမ်း ရေးသွင်းခြင်းများကို ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန ဝန်ထမ်းများ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက စနစ်တကျ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
ခင်လေး(ပြန်/ဆက်)