သီပေါ အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့ဝင်များ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ တစ်ဦး၏ ရင်တွင်းစကားသံ အချို့ကို ဖော်ပြလိုက်ရပါသည်-
ဦးအောင်ကျော်ဦး
ကျွန်တော့် နာမည်ကတော့ ဦးအောင်ကျော်ဦး ဖြစ်ပါတယ်။ အသက်(၄၆) နှစ်ရှိပါပြီ။ မြို့လယ်ရပ်ကွက်မှာ နေထိုင်ပါတယ်။ အစိုးရဝန်ထမ်းဖြစ်ပြီး မိသားစုဝင် (၄) ဦးနှင့်အတူ နေထိုင်ပါတယ်။ နေမကောင်းစဖြစ်တော့ ကိုယ်လက်ညောင်းကိုက်တာ၊ ကိုယ်ပူတာတွေ စဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် စိတ်မချတာနဲ့ ကျန်းမာရေးဌာနကို ဆက်သွယ်ပြီး ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးခဲ့ရာ ကျွန်တော်အပါအဝင် ကျွန်တော့်အမျိုးသမီး၊ (၁၀)နှစ်အရွယ် ကလေးတစ်ယောက်၊ (၁နှစ်၈လ) ကလေးတစ်ဦး စုစုပေါင်း (၄) ဦးလုံးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရလို့ ဆေးရုံ မှာ(၁၀)ရက်ကြာ ဆေးကုသမှု ခံယူခဲ့ပြီး အိမ်မှာ Home Quarantine (၇)ရက် နေထိုင်ခဲ့ရပါတယ်။ ရောဂါ စဖြစ်တော့ (၃) ရက်လောက်တော့ အဖျားတက်၊ ကိုယ်လက်ကိုက်ခဲတာတွေကို ခံစားရပါတယ်။ ပြီးတော့မှ အနံ့က တဖြည်းဖြည်း ပျောက်သွားတာပါ။ အနံ့ပြင်းတာတွေကိုတော့ အစပိုင်းက ရပါသေးတယ်။ ဒီလိုဘဲ အနံ့ပြန်ရတော့လဲ ဖြည်းဖြည်းချင်း ပြန်ရတာပါ။ အရသာတော့လုံးဝ မပျောက်ပါဘူး။ အမျိုးသမီးက နို့တိုက်မိခင်ဆိုတော့ ညအိပ်ရေးပျက်တာတွေခံရတော့ ဖျားတာရက်ကြာခဲ့ပါတယ်။ ကလေးတွေကတော့ အစားမပျက်၊ အဆော့မပျက်ခဲ့ပါဘူး။ မိသားစုအားလုံး အောက်ဆီဂျင် ကျတာတွေမရှိခဲ့ပါဘူး။ ဆေးရုံတက် နေတဲ့အချိန်၊အိမ်မှာ Home Quarantine နေတဲ့ အချိန်တွေမှာ အာဟာရရှိတဲ့ အစာတွေကိုဘဲ အဓိကထား စားခဲ့ပါတယ်။ ဆေးရုံတက်နေချိန်မှာ ဆေးရုံက ပေးတဲ့ ဆေးတွေကို ပုံမှန်သောက်ခဲ့ပါတယ်။ အစိုးရဝန်ထမ်း ဆိုတော့ အလုပ်ကတစ်ဖက် ရောဂါက တစ်ဖက်နဲ့ စိတ်ဖိစီးမှုတွေတော့ ရှိခဲ့ပါတယ်။ ရောဂါ ပြန်သက်သာ လာတော့ ပင်ပန်းတဲ့ အလုပ်တွေကို သိပ်မလုပ်နိုင်တော့ဘူး။ ဘာကိုမှ စိတ်တိုင်းမကျသလိုတွေ လည်း ဖြစ်လာတယ်။ အခုတော့ မိသားစုအားလုံး ပြန်သက်သာလာပြီဆိုတော့ ပျော်ပျော်ရွှင်ရွှင် ပြန်ဖြစ်လာပါပြီ။ ဆေးရုံက မှာလိုက်တဲ့အတိုင်း ရောဂါကာကွယ်ရမဲ့ နည်းလမ်းတွေကို လိုက်နာပါတယ်။ ရောဂါကာကွယ်ရမဲ့ နည်းလမ်းတွေက လူတိုင်းလိုက်နာကြဖို့သတိပေးချင်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောကြားလို တာကတော့ နေမကောင်းဖြစ်လို့ မသင်္ကာရင် ဆေးရုံကိုသွားပြီး စစ်ဆေးမှုခံယူကြပါ။ ရောဂါပိုး ရှိရင်လည်း စိတ်ကိုခိုင်မာစွာ ထားပြီး ကုသမှုခံယူမယ်ဆိုရင် ကျွန်တော်တို့လို ပြန်လည်ကောင်းမွန် ကျန်းမာလာမှာ ဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်းသူ-အောင်ကိုကိုမြတ်