တိုက်ကြီးမြို့နယ်တွင် အသက် ၁၂ နှစ် အထက် ကျောင်းသားကျောင်းသူများ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးနှိုးဆော်

တိုက်ကြီး       အောက်တိုဘာ          ၂၄

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ် အထက် ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို ယမန်နေ့ ညနေ ပိုင်းအချိန်က မော်တော်ယာဉ်ဖြင့် မြို့နယ်အတွင်း လှည့်လည်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်အတွင်းရှိ အသက် ၁၂ နှစ် ပြည့်ပြီး အခြေခံ ပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူများ နှင့် ကျောင်းသား မိဘပြည်သူများ အနေဖြင့် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် မကြာမီတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့် လှစ်တော့မည်ဖြစ်ပါသဖြင့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက် ရောဂါမဖြစ်ပွားစေရေးကို ရည်ရွယ်လျက် အောက်တိုဘာလ ၁၇ ရက်နေ့ မှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မိမိတို့၏ ကျောင်းအလိုက် ကျောင်းတက်ရောက်မည့်စာရင်းကို ပထမဦးစားပေး၍ နေ့စဉ်အလှည့်ကျ ဆေးထိုးပေးသွားမည်ဖြစ်ပါသဖြင့် ကျောင်းသား/ကျောင်း သူမိဘများမှ တစ်ပါတည်းခေါ်ဆောင်၍ ကာကွယ်ဆေးများကို သတ်မှတ်ထားသည့် နေ့ရက်များတွင် အမြန်ဆုံး လာရောက်ထိုးနှံကြပါရန် အသိပညာပေး နှိုးဆော်တိုက်တွန်းထားသည်။

တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါအကြောင်း အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံရေး အသိပညာ ပေးနှိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများ ပူးပေါင်းကာ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)