ကျောက်ဖြူ အောက်တိုဘာ ၂၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အသက် ၅၅ နှစ်အထက်ရှိသူများနှင့် ဦးစားပေးအုပ်စုတွင် ပါ ဝင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ်၊ (ဒုတိယအကြိမ်)အဖြစ် ပြန်လည်ထိုး နှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းရှိ စန္ဒကူးခန်းမတွင် သတ်မှတ်ပေးထားသည့် ဦးစားပေးအုပ်စုအလိုက် စတင်ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း များက ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် ပြည်သူများကို သတ်မှတ်နေရာများသို့ လိုက်ပါပို့ ဆောင်ပေးခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများသာ ကာကွယ်ဆေးများကိုထိုးနှံပေး လျက်ရှိသည်။
ကျောက်ဖြူမြို့နယ်၌ အဆိုပါကာကွယ်ဆေးကို ပထမအသုတ်အဖြစ် သြဂုတ်လ(၁)ရက်နေ့နှင့် ဒုတိယအသုတ်အဖြစ် သြဂုတ်လ(၂၉) ရက်နေ့တို့တွင် စုစုပေါင်း ပြည်သူ ၄၉၈၅ ဦးအား ထိုးနှံပေးထားပြီး ဖြစ်ကာ တတိယအသုတ်၊ ဒုတိယအကြိမ်အဖြစ် အသက် ၅၅ နှစ်အထက်ရှိသူများ၊ ရဟန်းသံဃာတော်များ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့်မကူးစက်နိုင်ရောဂါရှိသူများနှင့် ရွှေ့ပြောင်းလူအုပ်စုများ စသည့် ပြည်သူများကို သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ပထမနေ့အဖြစ်စတင် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
တင်ထွန်းဦး ( ပြန်/ဆက်)