နောင်ချိုမြို့ပေါ်ရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာ ရောင်းချစေရေး ကွင်းဆင်းစစ်ဆေးကြပ်မတ်

နောင်ချို  အောက်တိုဘာ  ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့ပေါ်ရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာ ရောင်းချစေရေး ကွင်းဆင်းစစ်ဆေး ကြပ်မတ်ခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်သည့် ကွင်းဆင်းစစ်ဆေး ကြီးကြပ်ရေးအဖွဲ့တို့မှ မြို့ပေါ်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်ပေါင်း(၂၇)ဆိုင်အား ကွင်းဆင်းစစ်ဆေး ခဲ့ကြပြီး၊ နောင်ချိုမြို့ နယ်အား Stay at Home အဖြစ်သတ်မှတ် ထားသည့် ကာလအတွင်း စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင် စားသောက်ခွင့်မပြုပဲ ပါဆယ်စနစ်ဖြစ်သာ ရောင်းချစေရေးအတွက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း၊ စည်းကမ်းလိုက်နာခြင်းမရှိပဲ ဆိုင်ထိုင်ရောင်းချသူများအား ဒဏ်ငွေရိုက်ခြင်း၊ ဝန်ခံကတိရေးထိုးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အခါအားလျော်စွာ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောင်ချိုမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့နှုန်း ကျဆင်းမှု မရှိခြင်းကြောင့် ဆိုင်ထိုင်စားသောက်ခွင့်မပြုဘဲ ပါဆယ် စနစ်ဖြင့်သာ ရောင်းချစေခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

ထွေး/ငယ် (ပြန် / ဆက်)