မြောက်ဦး အောက်တိုဘာ ၂၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ဒေသထွက် ငါးတံခွန်ခြောက်များမှာ ဝယ်ယူသူများပြား လျက်ရှိပြီး ရောင်းအားကောင်းလာကြောင်း ငါးခြောက်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးထံမှ သိရသည်။
“ဒီငါးတွေကို ငါးဖမ်းသင်္ဘောတွေဆီကတစ်ဆင့် ဝယ်ရပါတယ်၊ အခုအချိန်မှာ အရောင်းအဝယ် လိုက်တာက ငါးတံခွန်ခြောက် တစ်မျိုးဘဲ အဝယ်လိုက်တာရှိတယ်၊ ကျန်ငါးတွေဖြစ်တဲ့ ငါးမြွေနိုင်တို့ ငါးကျောက်စိမ်းတို့က အဝယ်မလိုက်ဘူး၊ သင်္ဘောက ဝယ်ယူတုန်းက ငါးတံခွန်ခြောက် တစ်ပိဿာကို လေးထောင်ငါးရာကျပ်နဲ့ ဝယ်ရပြီးတော့ ပြန်ရောင်းတဲ့အခါမှာ ငါးထောင်ကျပ်နဲ့ ရောင်းချရပါတယ်၊ ဈေးကွက်တွေအနေနဲ့ကတော့ ကျောက်ဖြူမြို့က ဈေးတွေအပြင် ရခိုင်ပြည်နယ်အတွင်း မြို့နယ်တွေဖြစ်တဲ့ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ အမ်း၊ တပ်တောင်၊ ရမ်းဗြဲ စတဲ့မြို့တွေကိုဖြန့်ပါတယ်၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့လို မြို့ကြီးတွေနဲ့ ပြည်ပကို ဖြန့်ဖို့ဆိုတာကတော့ ကိုယ့်မှာက အဆက်အသွယ်မရှိသေးတော့ မဖြန့်ဖြစ်သေးပါဘူး၊ ငါးတံခွန်ခြောက်ရှိတဲ့နေ့ဆိုရင် ရောင်းရကောင်း ပြီးတော့ ဒီငါးတံခွန်ခြောက် ကုန်နေတဲ့နေ့ဆိုရင် ရောင်းရတာမရှိသလောက်နည်းပါတယ်”ဟု ငါးလုပ် ငန်းလုပ်ကိုင်နေသည့် ဦးခင်ဇော်က ပြောသည်။
အဆိုပါ ငါးတံခွန်ငါးမှာ ပင်လယ်ငါးတစ်မျိုးဖြစ်ပြီး ရခိုင်ဒေသအခေါ် ငါးသရွဲခြောက်ဟုလည်း ခေါ်သည်။ ၎င်းငါးတံခွန်ငါးကို ငပိရည်ကျိုပြုလုပ်ရာတွင် အသုံးပြုအလို ငါးတံခွန်ခြောက်ကို ချက်စားခြင်း၊ ကြော်စားခြင်း၊ မီးကင်၍ ဆီဆမ်း သုပ်စားခြင်းဖြင့် မြိန်ချက်သော ဟင်းလျာအဖြစ် အသုံးဝင် သည့်အပြင် ကောက်ညှင်းပေါင်း၊ ဆီထမင်းပူပူတို့ဖြင့် မြန်မာ့ရိုးရာ နံနက်စာ စားသောက်ရာတွင်လည်း တွဲဖက်စားသုံးလေ့ရှိကြသည်။
တင်ထွန်းဦး(ပြန်/ဆက်)