နမ္မတူမြို့နယ် မြို့မဈေးအတွင်းရှိ ဈေးရောင်းသူ/ဝယ်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေး

နမ္မတူ အောက်တိုဘာ  ၂၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး အမြန်ဆုံးကာကွယ်ထိန်းချုပ်နိုင်ရေး ရည်ရွယ်၍ ယမန်နေ့နံနက် (၈)နာရီအချိန်က မြို့မဈေးအတွင်းရှိ ဈေးရောင်းသူ/ ဝယ်သူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေး ဆောင်ရွက်ပေးခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ မြို့မဈေး အတွင်းရှိ ဈေးရောင်းသူ/ဝယ်သူ (၂၄၁)ဦးအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခဲ့ရာ ဈေးရောင်းချသူ တစ်ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိရကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နမ္မတူမြို့နယ်တွင် ဇွန်လ (၁၆)ရက်နေ့မှ ယနေ့နံနက်ပိုင်းအချိန်ထိ ကိုဗစ်ပိုးတွေ့ရှိသူ ၆၉၆ ဦးရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၆၄၁ ဦး၊ သေဆုံးသူ ၂၂ ဦးရှိပြီး ဆေးကုသဆဲ ပိုးတွေ့လူနာ ၃၃ဦးရှိကြောင်း နမ္မတူမြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။

လူမော် (ပြန်/ဆက်)