ဘူးသီးတောင် အောက်တိုဘာ ၂၄
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ အသက် (၅၅)နှစ်အထက်နှင့် ဦးတည်အုပ်စု အကျုံးဝင်သည့် ပြည်သူ (၁၄၂၄)ဦးတို့အား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဘူးသီးတောင် မြို့နယ်အတွင်းရှိ သတ်မှတ်စုရပ် အသီးသီးတို့၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးရန် လာရောက်သည့် အသက်(၅၅)နှစ်အထက်နှင့် ဦးတည်အုပ်စု အကျုံးဝင် သည့် ပြည်သူများအား စာရင်းများပြုစုခြင်း၊ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်းချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီး၊ ကာကွယ်ဆေး ထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး လျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံနေမှုများကို ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
လှကျော် (ပြန်/ဆက်)