စစ်တွေ အောက်တိုဘာ ၂၃
ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့နှင့် သံတွဲမြို့များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယမန်နေ့ ညနေပိုင်းက တပ်မတော်လေယာဉ်ဖြင့် သယ်ယူရောက်ရှိလာကြောင်း သိရသည်။
ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေး သိုလှောင်ခန်းတွင်ထားရှိသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး Sinopharm များကို စံချိန်စံညွန်းများအတိုင်း တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးသို့ တပ်မတော်လေယာဉ်များဖြင့် Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ဖြန့်ဖြူးပေးလျက်ရှိရာ ယမန်နေ့နေပိုင်းတွင် သံတွဲမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အလုံးအရေအတွက် ၁၄၇၄၃ လုံးနှင့် စစ်တွေမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အလုံးအရေအတွက် ၂၁၈၅၁ လုံးနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အလုံးအရေအတွက် ၁၀၀၀ လုံးနှင့် ဆေးထိုးအပ်အချောင်း ၅၀၀၀ ခုတို့အား တပ်မတော် လေယာဉ်ဖြင့် သယ်ယူရောက်ရှိလာရာ မြို့နယ်အလိုက် တာဝန်ရှိသူများက လက်ခံရရှိကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း အခြားမြို့နယ် အသီးသီးသို့ ဆက်လက်ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ပေးပို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးတည်အုပ်စုလူဦးရေ ဦးစားပေး အစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
တင်ထွန်း