သီပေါ အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နှလုံးသားပရဟိတအသင်းနှင့် စေတနာရှင် အလှူရှင်များစုပေါင်း၍ ကိုဗစ်-၁၉ကာလအတွင်း ပြည်သူများ အစားသောက် အဆင်ပြေစေရန်အတွက် အခြေခံ စားသောက်ကုန်ပစ္စည်းများကို အခြေခံလူတန်းစား အိမ်ထောင်စုများအား လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့မွန်းလွှဲပိုင်းက မြို့နယ်အတွင်း ရပ်ကွက်များရှိ အိမ်ထောင်စုများသို့ အဆိုပါအသင်းမှ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်၍ တစ်အိမ်ထောင်လျှင် ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ အသားတု၊ ကြက်ဥစသည့် အခြေခံစားသောက်ကုန်ပစ္စည်း (၇)မျိုးကို မြို့နယ်အတွင်း ရပ်ကွက်များမှ အိမ်ထောင်စု(၃၀)စုထံသို့ လက်ဝယ်အရောက် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
သီပေါမြို့နယ် နှလုံးသားပရဟိတအဖွဲ့သည် မြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာများမှ အခြေခံ လူတန်းစား အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ လှူဒါန်းပေးခြင်းအပြင် မြို့နယ်အတွင်း ပိုးတွေ့လူနာအိမ်များ၊ လူနေအိမ်များ၊ ဘုန်းကြီးကျောင်းများ၊ သီလရှင် စာသင်တိုက်များ၊ ဘာသာရေးကျောင်းများ၊ ဈေးများ၊ ကျေးရွာများ စသည့်နေရာများတွင်လည်း ပိုးသတ်ဆေးဖျန်းပေးခြင်းများကို အခမဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး