ကျိုင်းတုံမြို့ နောင်ကွမ်းဈေးနှင့် မြို့သစ်(အာခါ)ဈေးများတွင် ဈေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိအခမဲ့စစ်ဆေးပေး

ကျိုင်းတုံ အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ နောင်ကွမ်းဈေးနှင့် အာခါ(မြို့သစ်)ဈေးများတွင် ဈေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုရှိမရှိ အခမဲ့ စစ်ဆေး ပေးခြင်းကို အောက်တိုဘာ ၂၂ ရက်က   RDT Test Kit ဖြင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းအမြန်ဆုံးလျော့ချနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ ကြီးကြပ်မှုဖြင့် ကျိုင်းတုံမြို့၊ နောင်ကွမ်း ဈေးနှင့် အာခါ( မြို့သစ်) ဈေးများတွင် ဈေးရောင်းချသူ ၂၉၅ ဦးအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုရှိမရှိ  RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခဲ့ပြီး ရောဂါပိုးကူး စက်ခံရသူ မရှိကြောင်းသိရသည်။

ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းကာလ အောက်တိုဘာ ၂၂ ရက်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၉၀၆ ဦးတွင် ဆေးရုံဆင်းခွင့်ရရှိသူ ၄၄၅၉ ဦး၊ လက်ရှိ ကုသဆဲအတည်ပြု လူနာ ၃၅၈ ဦးနှင့် သေဆုံးသူ ၈၉ ဦးရှိပြီး တာဝန်ရှိသူများက ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန် မပြတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်