မိုင်းပျဉ်း အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ဒေသထွက်ခေါပုတ်များ အရောင်းသွက် လျက်ရှိကြောင်း မိုင်းပျဉ်းမြို့၊ ပိန်းဆန်းရပ်ကွက်နေ ခေါပုတ်ပြုလုပ်ရောင်းချသူ အမျိုးသမီး တစ်ဉီးထံမှ သိရသည်။
ခေါပုတ်သည် ရှမ်းလူမျိုးများ၏ ရိုးရာအစားအစာတစ်မျိုးဖြစ်ပြီး ရာသီမရွေး ပြုလုပ်ရောင်းချလျက် ရှိရာ ယခုအခါ ဆောင်းရာသီဝင်ခါစအချိန် ရာသီစာလည်းဖြစ်၊ ကြိုက်နှစ်သက်သူလည်း များပြားလာသည့်အတွက် ယခင်က တစ်နေ့ကို တစ်ဆယ်ပိဿာ၊ အလွန်ဆုံး တစ်ဆယ့်ငါးပိဿာ လောက်သာ ပြုလုပ်ရောင်းချရပြီး ယခုအခါ တစ်နေ့ကို ပိဿာငါးဆယ်အထိ ပုံမှန်ရောင်းချ ရကြောင်းလည်း အဆိုပါ အမျိုးသမီးကပြောသည်။
''ကျွန်မက ရှမ်းပြည်နယ်(တောင်ပိုင်း)ဇာတိပါ၊ အခုတော့ တာဝန်နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကို ရောက်နေတာပါ၊ မိုင်းပျဉ်းခေါပုတ်ကတော့ ကျွန်မစားဖူးသမျှ ခေါပုတ်ထဲမှာအကောင်းဆုံးပါ၊ အချို့ခေါပုတ်တွေဆို တစ်ရက်၊ နှစ်ရက်လောက်ဆိုမာသွားပြီ၊ မိုင်းပျဉ်းခေါပုတ်ကတော့ သုံး၊ လေးရက်လောက်ကို အိပြီး ကင်စားစား၊ ကြော်စားစား နှမ်းထောင်းများများနဲ့ဆိုတော့ ကြွပ်ကြွပ်ရွရွလေးနဲ့ မွှေးပြီး အရမ်းစားကောင်း တယ်၊ အခုဆိုရင် ဆောင်းရာသီထဲဝင်လာပြီဆိုတော့ မနက်ခင်းအေးအေးမှာ ကော်ဖီပူပူလေးနဲ့ဆို အရမ်းလိုက်ဖက်တယ်''ဟု တာဝန်ဖြင့် ရောက်ရှိနေသော ဝန်ထမ်းတစ်ဉီးက ပြောသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်များတွင် မိုင်းပျဉ်းခေါပုတ်ကို ကြိုက်နှစ်သက်သူများပြားကြောင်း၊ ခေါပုတ်အဖြူ၊ အညို၊ နှမ်းကပ်ငချိတ်ခေါပုတ်ဟူ၍ သုံးမျိုးရှိပြီး နှမ်းကပ်ငချိန်သည် ပို၍စားကောင်း ကြောင်း၊ တစ်ပိဿာကို ငွေကျပ်လေးထောင်ဖြင့်ရောင်းချကြောင်း၊ အခြားမြို့နယ်များမှလည်း တစ်ဆင့်မှာယူရောင်း ချကြကြောင်းလည်း သိရသည်။
ယဉ်ယဉ်ဝင်း