မိတ္ထီလာ အောက်တိုဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဆင်စလွယ် - ဥယျဉ် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရတနာ မဉ္ဇူတံတား တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် မွေးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများနှင့် အနီးပတ်ဝန်းကျင်ကျေးရွာမှ ဒေသခံ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအတွက် အသုံးပြုလျက်ရှိသော ဆင်စလွယ် - ဥယျဉ် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရတနာမဉ္ဇူတံတားမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေ တိုက်စားမှုကြောင့် တံတားကျိုးကျပျက်စီးခဲ့သဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် အရှည် ပေ ၁၄၀၊ အကျယ် ၁၈ ပေရှိ သံကူကွန်ကရစ်၊ သံဘောင်တံတား အမျိုးအစားကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန (တံတား တည်ဆောက် ရေးအဖွဲ့) နေပြည်တော်မှ တာဝန်ယူ၍ တည်ဆောက်လျက်ရှိရာ ၎င်းရတနာမဉ္ဇူတံတား တည်ဆောက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလအကုန်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း တံတားတည်ဆောက်ရေး တာဝန်ခံထံမှ သိရသည်။
မိတ္ထီလာမြို့နယ် မွေးကျေးရွာအုပ်စု ဥယျဉ်ကျေးရွာအနီး ဆင်စလွယ်-ဥယျဉ် ကျေးရွာချင်းဆက် လမ်းပေါ်ရှိ ရတနာမဉ္ဇူတံတားကို ၂၀၁၉ခုနှစ်က ဒုတိယအကြိမ်အဖြစ် ရတနာမဉ္ဇူကျောင်းဆရာတော် ဦးဥတ္တရမှ ဦးစီး၍ ရတနာထွန်း သီးနှံမျိုးစုံရောင်းဝယ်ရေးနှင့် စေတနာရှင် အလှူရှင်များ စုပေါင်းပြီး အရှည် ပေ ၁၈၀ ၊ အကျယ် ၁၂ ပေရှိ သံကူကွန်ကရစ်တံတားကို ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ရာ ၂၀၂၁ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ ညတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရတနာမဉ္ဇူတံတား၏ တတိယမြောက် ဗို့ပိုင် (၁) လုံး ပြိုလဲသွားပြီး တံတားကျိုးကျပျက်စီးခဲ့ပါကြောင်း၊ ၎င်းတံတားသည် မွေးကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများနှင့် အခြားကျေးရွာအုပ်စုများရှိ ကျေးရွာ(၂၂)ရွာတို့မှ အုပ်စုချင်းဆက် မြို့တက်လမ်း ဖြစ်ပါကြောင်း၊ အဆိုပါ တံတားကျိုးကျ ပျက်စီးခဲ့သည့်အတွက် ဒေသခံပြည်သူများ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ အခက်အခဲများစွာ ကြုံတွေ့ရပါကြောင်း မွေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဇောထံမှ သိရ သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)