ပင်လောင်း အောက်တိုဘာ ၂၃
ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ပင်လောင်းမြို့နယ် စည်ပင်သာယာရေးဌာနပိုင် မြို့မစျေးတွင် စျေးရောင်းချသူ စျေးသည်များနှင့် မြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာများမှ လာရောက် စျေး၀ယ်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့မစျေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ၀န်ထမ်းများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၀င် ဌာနဆိုင်ရာများ၊ မြို့နယ် ရဲတပ်ဖွဲ့၀င်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အဖြူရောင်လူငယ် ပရဟိတအဖွဲ့၀င် လူငယ်များ ပါ၀င်သည့် ပူးပေါင်းအဖွဲ့သည် မြို့မစျေးအတွင်း စျေးရောင်းချသူများနှင့် စျေး၀ယ်သူများမှ အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၃၄ ဦးတို့အား RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပင်လောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် မြို့နယ်အတွင်းပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးလုပ်ငန်းများ၊ ရောဂါပိုးကူးစက်ခံရမှု ရှိ/မရှိ စစ်ဆေးခြင်း လုပ်ငန်းများကို ကျန်းမာရေးဌာနမှ ၀န်ထမ်းများနှင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာမှ တာ၀န်ရှိသူများက ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ပင်လောင်း)