မိုးညှင်း အောက်တိုဘာ ၂၃
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ အထက်ဘက်မှမိုးများ သည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့နံနက် (၁၁) နာရီခန့်တွင် ကာမိုင်း-လဝါးသွား ကားလမ်းမပေါ်ရှိ ပေ(၉၀၀) တံတား အစပ်အောက်ခြေအား ရေများတိုက်စားသွားသဖြင့် တံတားချဉ်းကပ်ကားလမ်း ပျက်ကျခဲ့ ကြောင်း သိရသည်။
အဆိုပါ တံတားချဉ်းကပ် ကားလမ်းပျက်ကျရာတွင် အောက်တိုဘာ(၂၁)ရက်နေ့က တနိုင်းမြို့နယ် ဘက်ခြမ်းမှ မိုးများသည်းထန်စွာ ရွာသွန်းပြီး နန့်ကောင်းချောင်းရေ ပေ (၂၀) ခန့်မြှင့်တက် လာမှုကြောင့် ကာမိုင်း-လဝါး သွားကားလမ်းမပေါ်ရှိ ပေ (၉၀၀) တံတားအစပ် အောက်ခြေအား ရေများ တိုက်စားသွားသဖြင့် တံတားချဉ်းကပ်ကားလမ်း အနံ (၂၀) ပေ၊ အလျား (၁၀) ပေခန့် ပျက်ကျသွားခဲ့ရာ ဒေသခံပြည်သူများနှင့် ခရီးသွား ပြည်သူများအား အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကြိုးတားပိတ်ဆို့ ထားရှိပြီး ခရီးသွားပြည်သူများအနေဖြင့် မိုးကောင်း-ပါဟုတ်-ကာမိုင်း လမ်းအတိုင်းသွားလာစေခဲ့ပြီး ၎င်းတံတားချဉ်းကပ်ကားလမ်း ပျက်ကျသွားသည့်နေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင် ဦးဆောင်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကာမိုင်းမြို့အုပ်ချုပ်ရေး မှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ချက်ချင်းသွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ အမြန်ဆုံးပြုပြင်ဆောင်ရွက် နိုင်ရေး ဆွေးနွေးတိုင်ပင် ညှိနှိုင်းခဲ့ကြသည်။
ထို့နောက် ခရီးသွားပြည်သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ပျက်ကျ နေသော တံတားချဉ်းကပ်ကားလမ်းအပိုင်းအား အမြန်ပြုပြင်ဆောင်ရွက်နိုင်ရန် ဖားကန့်မြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မိုးကောင်းမြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကာမိုင်းမြို့မှ တာဝန်ရှိသူများပူးပေါင်း၍ အနီးကပ်ကြီးကြပ်ပြီး အဆိုပါတံတားပျက်ကျရာနေရာသို့ ကျောက်တုံးများ ဖြည့်သွင်းကာ ယာယီသံဘောင်ဘေလီတံတား ပေ(၃၀)ခန့် အမြန်ဆောင်ရွက်သွား နိုင်ရန်အတွက် လိုအပ်သော ကျောက်တုံးကျောက်ခဲများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ သယ်ယူခြင်းလုပ်ငန်း များကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲသူရအောင်(ခရိုင်ပြန်/ဆက်)