ကျိုင်းတုံ အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းတွင် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ ရှေ့တန်းမှ ပါဝင်ဆောင်ရွက်နေသူများကို တိုင်းရင်းသားပေါင်းစုံ လူမှုကူညီရေးအသင်း (ကျိုင်းတုံ) က ဂုဏ်ပြုထောက်ပံ့ခြင်းကို ကျိုင်းတုံမြို့ အမှတ် (၄) ရပ်ကွက်၊ လွိုင်မွေခန်းမတွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ (၃)သုတ်ခွဲ၍ ပြုလုပ်သည်။
"ကျိုင်းတုံမြို့ ကိုဗစ်-၁၉ တတိယလှိုင်း စတင်ချိန်ကနေ ယခုအချိန်အထိ ရှေ့တန်းက ဆောင်ရွက်ပေးကြသူများကို ကျနော်တို့အသင်း ရန်ပုံငွေနဲ့ တတ်နိုင်သမျှ ထောက်ပံ့ပေးအပ် ဂုဏ်ပြုတာ ဖြစ်ပါတယ်။ ဆောင်ရွက်နေသူ အားလုံးကိုလည်း ဒေသနေပြည်သူများကိုယ်စား ကျေးဇူးတင်ပါတယ်" ဟု ကျိုင်းတုံမြို့ တိုင်းရင်းသား ပေါင်းစုံ လူမှု၊ကူညီရေး အသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောသည်။
ကျိုင်းတုံမြို့၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားချိန်တွင် ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ၌ လည်ကောင်းကုသရေးနှင့် ကွာရင်တင်းစင်တာများ၊ Fever Clinic တို့၌ လည်းကောင်း ဆောင်ရွက်လျက်ရှိသည့် စေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း ဆရာဝန်၊ သူနာပြုများ စုစုပေါင်း (၄၁)ဦး နှင့် လူမှုကူညီရေး အသင်း (၅)သင်း တို့ကို တိုင်းရင်းသားပေါင်းစုံ လူမှု၊ကူညီရေးအသင်း တာဝန်ရှိသူများက ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး စုစုပေါင်း ထောက်ပံ့ငွေကျပ် (၉၄) သိန်း ဖြစ်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဇွန်လ ၂၉ ရက်တွင် ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း စတင်ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၂၁ ရက်အထိ အတည်ပြုလူနာ (၄၈၇၂)ဦး၊ ပြန်လည်ကျန်းမာ၍ ဆေးရုံဆင်းသူ (၄၄၂၀)ဦး၊ သေဆုံးသူ(၈၉)ဦး၊ ကုသဆဲ(၃၆၃) ရှိကြောင်း သိရသည်။
မောင်မောင်နိုင်(ကျိုင်းတုံ)