သီပေါ အောက်တိုဘာ ၂၂
ရှမ်းပြည်နယ် ( မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်မြို့တော်ခန်းမ စုရပ်နေရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသော အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) တတိယအသုတ်(ပထမအကြိမ်) ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးကို ထိုးနှံပေးရာတွင် ယမန်နေ့က လူဦးရေ (၆၅) ဦးကို ထိုးနှံပေးခဲ့ပြီး စုစုပေါင်းလူဦးရေ (၇၉၂၄)ဦးကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦး ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံသည့်နေရာသို့ ဆေးထိုးရန် လာရောက်သော ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကိုယ်ပူချိန် တိုင်းတာစစ်ဆေးပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် သန့်စင်စေခြင်း ၊ သွေးပေါင်ချိန် တိုင်းတာစစ်ဆေးပေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်းများကို ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက စနစ်တကျ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှသိရသည်။
ခင်လေး(ပြန်/ဆက်)