ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ်ထိုးနှံ

ဖယ်ခုံ အောက်တိုဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း စတုတ္ထအသုတ် ဒုတိယအကြိမ်ကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံတွင်  ဒုတိယနေ့အဖြစ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ်ကို ယမန်နေ့က ၁၄၄၇ ဦးထိုးနှံပေးနိုင်ခဲ့ပြီး ယနေ့ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖယ်ခုံမြို့နယ်အတွင်း ဖယ်ခုံဆေးထိုးစုရပ်နှင့် မိုးဗြဲ ကျေးရွာအုပ်စု ဆေးထိုးစုရပ်နှစ်ခုရှိပြီး မိုးဗြဲကျေးရွာအုပ်စု ဆေးထိုးစုရပ်တွင်လည်း စတုတ္ထအသုတ် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုး လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ကြီးကြပ်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ် ကြက်ခြေနီ သူနာပြုအဖွဲ့များမှ ဝိုင်း၀န်းပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်တွင် (၂-၇-၂၀၂၁) ရက်နေ့မှ (၂၁-၁၀-၂၀၂၁) ရက်နေ့ထိ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာ ၄၉၅ ဦး ရှိပြီဖြစ်ကြောင်းနှင့် သေဆုံးသူ ၃၁ ဦးရှိကြောင်း၊ ရောဂါပိုးကင်းစင်လာသူ ၃၄၁ ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ကာကွယ်ဆေး ထိုးရန်လာသူများအား  စနစ်တကျ စာရင်းကောက်ယူခြင်း၊ စောင့်ဆိုင်းရန်စီစဉ်ပေးခြင်း၊ ကျန်းမာရေး၀န်ထမ်းများ က ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကာကွယ်ဆေးစနစ်တကျထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်