မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသ‌ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်တွေ့ဆုံမေးမြန်း

မိုင်းငေါ့ အောက်တိုဘာ ၂၂

မေး။   ဆရာ့ရဲ့ အမည်၊ရာထူး၊ ဌာနလေးကို အရင်မိတ်ဆက်ပေးပါဦးရှင့်။

ဖြေ။    ဦးကြည်စိုးအောင်၊ မြို့အုပ်ချုပ်ရေးမှူး၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိုင်းငေါ့မြို့ ဖြစ်ပါတယ်။

မေး။   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ ဆရာ့အနေနဲ့ တာ၀န်ယူ ဆောင်ရွက်ရတဲ့ အပိုင်းကိုလည်း သိပါရစေရှင့်။

ဖြေ။    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းမှာ မြို့ကော်မတီဥက္ကဌ အဖြစ် တာ၀န်ယူ ဆောင်ရွက်လျက် ရှိပါတယ်။

မေး။   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းမှာ အဖွဲ့၀င်များကို တာ၀န်ခွဲဝေ ပေးထားမှုနှင့် ပတ်သက်၍ ဆွေး‌နွေးပေးပါဦးရှင့်။

 ဖြေ။   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ Swab နမူနာရယူခြင်းများကို ကျန်းမာရေးကို တာဝန်ပေးထားပါတယ်၊ စားသောက်ဆိုင်များ၊ ဈေးဆိုင်များကို ကျန်းမာရေး ညွှန်ကြားချက်နှင့်အညီ ရောင်းချဖို့ စည်ပင်ကို တာ၀န်ပေးထားပြီး Quarantine Center ထည့်တာ‌တွေ Contact လိုက်တာ‌တွေကိုတော့ ထွေအုပ်နဲ့ ရဲ တို့ကို တာဝန်ခွဲဝေပေးပြီး လုပ်‌ငန်းဆောင်ရွက်နေပါတယ်။

မေး။   မိုင်းငေါ့မြို့မှာ ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ၊သေဆုံးသူ ဘယ်နှစ်ဦးရှိပါသလဲရှင့်။

ဖြေ။    မိုင်းငေါ့မြို့မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၆၆)‌ဦးရှိပြီး သေဆုံးသူ (၂)ဦးရှိပါတယ်။

 မေး။  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိအောင် အသိပညာပေး ဆောင်ရွက် ထားရှိမှုများကိုလည်း ဆွေးနွေးပေးပါဦးရှင့်။

ဖြေ။  မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိအောင် မြို့ကော်မတီနှင့် ဌာန ဆိုင်ရာများ၊လူမှုရေး အသင်းအဖွဲ့များပူးပေါင်း၍ Mask Campaign ပြုလုပ်ခြင်း၊ မြို့ပေါ်ရပ်ကွက်များသို့ အသိပညာပေးနှိုးဆော်ချက် များအား အသံချဲ့စက်ဖြင့် လှည့်လည် ကြေညာခြင်း၊တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ပြီး ကျန်းမာရေးအ သိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။

မေး။  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ မြို့ပေါ်/ရပ်ကွက်/ ကျေးရွာလူဦးရေ စုစုပေါင်းကို သိပါရစေရှင့်။

ဖြေ။    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ မြို့ပေါ်/ရပ်ကွက်/ကျေးရွာများမှ ကျား (၅၂၉)ဦး၊ မ(၆၁၆)ဦး စုစုပေါင်း (၁၁၄၅)ဦး ပထမအကြိမ် ထိုးနှံပြီးတာဖြစ်ပြီး ကျား (၈၃)ဦး၊ မ(၈၂)ဦး စုစု‌ပေါင်း (၁၆၅)ဦးတို့အား ဒုတိယအကြိမ် ထိုးနှံပေးပြီးဖြစ်ပါတယ်။

မေး။  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့်ပတ်သက်ပြီး ပြည်သူတွေကို ဘာများ ဖြည့်စွက်ပြောကြား လိုပါသေးလဲရှင့်။

ဖြေ။   ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်သူများ အနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်ကြရန်၊အပြင်ထွက်တိုင်းMask  နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပြီးမှ ထွက်ရန် ၊အပြင်မှပြန်လာတိုင်း လက်ကို စနစ်တကျဆေးရန်၊ တစ်ဦးနဲ့တစ်ဦး ၆‌ ပေအကွာတွင်နေထိုင်ရန် ၊ကာကွယ်ဆေးမထိုးနှံရသေးသူများလည်း ကာကွယ်ဆေးကို ထိုးနှံပေး ကြပါရန် တိုက်တွန်းပြောကြားလိုပါတယ်။

ယခုလို ဖြေကြားပေးတဲ့ အတွက် ဆရာကို ကျွန်မတို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန က‌နေ ကျေးဇူးတင်ရှိပါတယ်ရှင်။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ။

တွေ့ဆုံမေးမြန်းသူ - မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)