ကျိုက်မရောတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယသုတ် (ပထမ)အကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ကျိုက်မရော အောက်တိုဘာ ၂၂

ကျိုက်မရောမြို့နယ်တွင် မြို့နယ်လုံးကျွတ် ကာကွယ်ဆေးလွှမ်းခြုံမှုပြည့်ဝပြီး ကိုဗစ်- ၁၉ရောဂါ ကူးစက်မှုနှုန်း လျော့နည်းကျဆင်းသွားပြီဖြစ်ရာ ဆက်လက် ထိန်းချုပ်နိုင်ရေး အတွက် အသက် ၅၅ နှစ်နှင့်အထက်ပြည်သူများ၊ ဒေသခံတိုင်းရင်းသားများနှင့်   အသက် ၁၈ နှစ်ပြည့်ပြီးသူများ ဦးစားပေးအလိုက် ထိုးနှံပေးရမည့် ဦးတည်အုပ်စုများနှင့်   တတိယအသုတ်     (ဒုတိယအကြိမ်) ကာကွယ်ဆေး ထိုးနှံရမည့် သူများအားလုံးကို  ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ အတ္ထရံခန်းမနှင့်  ဆေးထိုးစုရပ် ခုတို့တွင် ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးများ မဖြစ်ပေါ်စေရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များအတိုင်း  ဦးစားပေးရမည့် အသက်အုပ်စုများအလိုက်    ကျန်းမာရေး ဝန်ထမ်းများနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး အသင်းဝင်များက  ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူက ပြောသည်။

ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ  စုစုပေါင်း (၅၀၀၀၀)ကျော်ရှိပြီး ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးလုံးဝ မထိုးနှံရသေးသောသူများအား ကာကွယ်ဆေး ရောက်ရှိမှုအပေါ် မူတည်၍ ဆက်လက် ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)