ငါ့သရောက် အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် ယခုနှစ် မိုးရွာသွန်းမှုကောင်းမွန်သဖြင့် တောင်သူများ အားထားစိုက်ပျိုးသည့် ပင်ထောင်မြေပဲခင်းများ အောင်မြင်ဖြစ်ထွန်းပြီး၊ သီနှံအထွက်နှုန်းကောင်းသလို ဈေးကောင်းလည်းရရှိ သည့်အတွက် တောင်သူများ အဆင်ပြေကြကြောင်း ဆည်ကျေးရွာရှိ မြေပဲစိုက်တောင်သူ တစ်များထံမှ သိရသည်။
ငါ့သရောက်မြို့နှင့် အနီးဝန်းကျင် ကျေးရွာများတွင် ပင်ထောင်ပဲ(ခေါ်) သုံးလမြေပဲကို အားထား စိုက်ပျိုးကြပြီး၊ အောက်တိုဘာလ ဒုတိယပတ်မှ စတင်နှုတ်သိမ်းလျက်ရှိကြရာ၊ မြေပဲ တစ်တင်းကျ စိုက်ပျိုးသည့် တောင်သူတစ်ဦးလျှင် အနည်းဆုံး မြေပဲ တင်း(၃၀)မှ (၄၅/၅၀)အထိ ထွက်ရှိကြောင်းနှင့် မြေပဲဈေးနှုန်းမှာလည်း (၁)ပိသာလျှင် ကျေးရွာပေါက်ဈေး (၁၅၀၀)ကျပ် မှ (၁၇၀၀)ကျပ် အထိ လည်းကောင်း၊ မြေပဲအဆန် ဈေးနှုန်းမှာ (၁)ပိသာလျှင် (၂၅၀၀)ကျပ်မှ (၃၀၀၀)ကျပ်ဈေးအထိ ရရှိကြသ ဖြင့် တောင်သူများအတွက် တွက်ခြေကိုက်သည့်အပြင်၊ ဝယ်ရောင်းပြုလုပ်ကြသည့် နယ်လှည့် မြေပဲ ပွဲစားများမှာ အိမ်တိုင်ရာ ရောက် လာယူဝယ်ယူလျှက်ရှိကြရာ၊ တောင်သူများမှာ အချိန်ကုန်သက်သာ၊ လမ်းစရိတ်အကုန် သက်သာခြင်းတို့ကြောင့် ယခုနှစ် မြေပဲစိုက်တောင်သူတိုင်း အဆင်ပြေကြကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။ ထို့အပြင် ကျေးရွာများရှိ လက်လုပ် လက်စား တောင်သူများမှာလည်း ပဲနှုတ်၊ ပဲသိမ်း၊ ပဲဆွတ် စသည့် အလုပ်များကို လုပ်အားခ အနည်းဆုံး (၁၀၀၀)ကျပ်မှ (၃၀၀၀) ကျပ်အထိ ရရှိနေကြသဖြင့် လက်စားလိုက်တောင်သူများမှာလည်း အလုပ်အကိုင်အဆင်ပြေ၍ နေ့စဉ်ဝင်ငွေရရှိ နေကြကြောင်း သိရသည်။
ဖြိုးဝေအောင်(ငါ့သရောက်)