ပေါင်မြို့နယ်၌ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူ (၁၆၅၈)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီး

ပေါင် အောက်တိုဘာ ၂၁

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်နှင့် ကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန် ရရှိစေရေးအတွက် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက် ၉ နာရီက အ.ထ.က(ပေါင်)ကျောင်းတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သူနာပြု ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

ပေါင်မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း (၂၄)ကျောင်း၊ အလယ်တန်းကျောင်း (၃၇)ကျောင်း၊ စုစုပေါင်း (၆၁)ကျောင်းမှာရှိတဲ့ အထက်တန်းအဆင့် ကျောင်းသား (၁၆၃၂)ယောက်၊ အလယ်တန်းအဆင့် ကျောင်းသား (၆၅၃၄) ယောက်၊ စုစုပေါင်း (၈၁၆၆)ယောက်ကို Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ပြီး အောက်တိုဘာ (၂၀)ရက်နေ့ထိ ကျောင်းသား/ကျောင်းသူ (၁၆၅၈)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ကျန်ရှိသည့် ကျောင်းသား/ကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ဝဏ္ဏမောင် (ပြန်/ဆက်)