တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်

တိုက်ကြီး အောက်တိုဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်းလာ စေရေးအတွက် ပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့် ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ရည်ရွယ်၍ အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း လှည့်လည်အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်း ကို တာဝန်ရှိသူများက အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် အိမ်အပြင် ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ထားရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံရပါက မျက်နာအကာ (Face Shield) တွဲဖက်တပ်ဆင်ကြရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ နေထိုင်လုပ်ကိုင်ကြရန်နှင့် လူစုလူဝေးရှောင်ရှားကြရန်၊ လက်ကို စက္ကန့် (၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောရန်၊ အလုံပိတ်အခန်းများ၊ အဲယားကွန်းအခန်း များ၊ လေဝင် လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန်၊ အိမ်အပြင်ဘက် ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိ အသက်(၆၀)နှစ် အထက် အသက်အရွယ် ကြီးရင့်သူ၊ ဆီးချို/သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါ အခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ကြရန်၊ အသွား အလာ တားမြစ်ပိတ်ပင်၍ သီးသန့်ခွဲခြား နေထိုင်စေခြင်း(Quarantine) လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပါဝင်ပူးပေါင်းကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရန်နှင့် ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာရန်၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာကုသမှုခံ ယူရန်နှင့် အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ မတပ်ဆင်ခြင်း နှင့် လူစုလူဝေးပြုလုပ်ပါက တည်ဆဲဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပညာပေး နှိုးဆော်တိုက်တွန်းထားသည်။

အဆိုပါ အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စို၏ စီစဉ်ကြီးကြပ်မှု ဖြင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု (၉၅)အုပ်စုတို့မှ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများရှိ လမ်းများ၊ လမ်းဆုံ များ၊ လူစည်ကားရာ ဈေး၊ ကားဂိတ်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို သိရှိလိုက်နာ နိုင်စေရေးအတွက် အသံချဲ့စက်များ၊ လက်ကိုင်စပီကာများ ဖြင့် အသိပညာပေး နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)