မြောက်ဦးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အထင်ကရ ဘုရား၊ ပုထိုးစေတီများ၌ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ထွန်းညှိပူဇော်သူများဖြင့်စည်ကား

မြောက်ဦး အောက်တိုဘာ ၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ အထင်ကရ ရှေးဟောင်းသမိုင်းဝင် ဘုရား၊ ပုထိုးစေတီများ၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့၌ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများ အနေဖြင့် ယမန်နေ့ ညနေပိုင်းတွင် အထင်ကရဘုရား၊ ပုထိုး၊ စေတီများ၌ ဆီမီးထွန်းညှိပူဇော်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ မြောက်ဦးမြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများအနေဖြင့် ရှေးဟောင်းသမိုင်းဝင်ဘုရား၊ ပုထိုး၊ စေတီ များဖြစ်သည့် ရန်အောင်ဇေယျ(ခေါ်) သျှစ်သောင်းထိုးတော်ကြီး၊ ထုက္ကန်သိမ် ပုထိုးတော်ကြီး၊ ရတနာပုံ စေတီတော်ရှိ အရန်စေတီများ၌ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ သမယ၌ မြို့ပေါ် ရပ်ကွက်နေပြည်သူများက ဗုဒ္ဓဘုရားရှင်အား ရည်မှန်းကာ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ထွန်းညှိ ပူဇော်ခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်း၊ သျှစ်သောင်းဘုရားသို့ လာရောက်ကြသော မိဘပြည်သူများက ဘုရား ရေချမ်းအိုးကပ်လှူပူဇော်ခြင်းများအား ပြုလုပ်ဆောင်ရွက်ခြင်းနှင့် အဆိုပါ ရှေးဟောင်းသမိုင်းဝင် ဘုရား၊ ပုထိုး၊ စေတီများ၌ ဘုရားဖူး လာရောက်သူများနှင့် ဆီမီးထွန်းညှိ ပူဇော်သူများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။ ဆက်လက်၍ မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များ၊ လမ်းများ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် ဌာနဆိုင်ရာရုံးများတွင်လည်း ရောင်စုံမီးလုံးများ ထွန်းညှိပူဇော်ခြင်းနှင့် ဆီမီးထွန်းညှိ ပူဇော်ခြင်းများကိုလည်း ဗုဒ္ဓဘုရားရှင်အား ရည်မှန်းပူဇော်ခြင်းများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရ သည်။

ခင်မောင်ထွန်း(ပြန်/ဆက်)