မိုင်းပျဉ်း အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်စေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ထားသော ဦးတည်အုပ်စုများအား ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေး ထိုးနှံခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) တတိယအသုတ် (First Dose) ထိုးနှံပြီးသူ (၁၁၀၀) ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) တတိယအသုတ် (First Dose) ကို မိုင်းပျဉ်းမြို့ပေါ်ရှိ ရပ်ကွက်(၃)ခုဖြစ်သော ပိန်းဆန်းရပ်ကွက်၊ အောက်ဈေးတန်းရပ်ကွက်နှင့် အလယ်ပိုင်း ရပ်ကွက်နေ ပြည်သူများအား မြို့လယ်ဓမ္မရုံ၌ စုရပ်ထား၍လည်းကောင်း၊ ကျေးရွာအုပ်စု(၂၈)စုရှိ ပြည်သူများအား သက်ဆိုင်ရာ ကျေးရွာအုပ်စု၊ ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ စုရပ်ထား၍ လည်းကောင်း အသက် (၁၈) နှစ်အထက် အခြားဝင်ငွေမရှိသော လုပ်ငန်းလုပ်ကိုင်သူ (၉၃၂) ဦး၊ စားသောက်ကုန်ပစ္စည်း ရောင်းချသူနှင့် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်သူ (၃၈) ဦး၊ မှီခို (၁၃၀) ဦး တို့အား ကျန်းမာရေးဝန်ထမ်း များနှင့် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ထိုးနှံပေးခဲ့ခြင်း ဖြစ်သည်။
မိုင်းပျဉ်းမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း (ပြန်/ဆက်)