ကျောက်ဆည် အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သံရွာကျေးရွာတွင် ဂန္ဓမာပန်းမျိုးရိုးဖြစ်သည့် ရွှေစိမ်းအနီ၊ ခိုင်ချူး၊ စပယ်အဖြူ၊ စပယ်အဝါ၊ ကျောက်စိမ်း၊ ရွှေဝါဝင်း၊ စသည့် ဘုရားပန်းမျိုးစုံ စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရ သည်။
ပန်းစိုက်ရန်အတွက် ပျိုးပင်များကို ပြင်ဦးလွင်မြို့နယ် အနီးစခန်းကျေးရွာမှ ဝယ်ယူရပြီး ပျိုးပင်တစ်ပင်၏ တန်ဖိုးမှာ ပန်းအမျိုးအစားအလိုက် ငွေကျပ်(၇)ကျပ်မှ (၁၂)ကျပ်အထိ အမျိုးမျိုးဝယ်ယူ စိုက်ပျိုးရခြင်းဖြစ် ကြောင်းနှင့် စိုက်ပျိုးပြီး(၄)လ အကြာတွင် ပန်းများ စတင်ဖူးပွင့်ပြီး ရောင်းချရကြောင်း၊ ရောင်းချရာတွင် ပန်းခိုင်(၃၅)ခိုင်ပါ ပန်းအစည်း တစ်စည်းအား ငွေကျပ်(၃၅၀၀)မှ (၅၀၀၀)ကျပ်အထိ ရောင်းချရကြောင်း ပန်းစိုက်ပျိုးရောင်းချသူ ဦးတင်စိုးကပြောပြ၍ သိရှိရသည်။
ပန်းစိုက်ပျိုးရာတွင် အပင်များသန်မာပြီး ကိုင်းဖြာမှုကောင်းစေရန်အတွက် သဘာဝမြေဩဇာဖြစ်သည့် နွားချေး များကို မြေခံအဖြစ်အသုံးပြုကာ မြေအနေအထားအပေါ်မူတည်ပြီး မြေဘောင်များပြုလုပ်ကာ စိုက်ပျိုးရ ကြောင်း၊ ဂန္ဓာမာပန်းတစ်ဧက စိုက်ပျိုးမည်ဆိုပါက အပင်ရေ(၆)သောင်းခန့် စိုက်ပျိုးရပြီး ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးပါက အပင်တစ်ပင်လုံး၏အရွက်များသည် အမြဲစိမ်းလန်းနေသောကြောင့် ရောင်းချရာတွင် လူကြိုက် များကြောင်းနှင့် ပန်းများ လှိုင်လှိုင်ပေါ်ပါက သံရွာကျေးရွာ၊ ဟံမြင့်မိုရ်ကျေးရွာ၊ ကူမဲ၊ မြစ်သား၊ ကျောက်ဆည် မြို့နှင့် မန္တလေးမြို့ရှိ ပန်းအဝယ်ဒိုင်များတွင် အလွယ်တကူ ရောင်းချနိုင်ပြီး ဂန္ဓမာပန်းသည် အရောင်အသွေး စုံသည့် ပန်းမျိုးဖြစ်သောကြောင့် စိုက်ပျိုးရောင်းချရာတွင် အဆင်ပြေလျက်ရှိကြောင်း ဟံမြင့်မိုရ် ကျေးရွာမှ မဇင်မာသန့်က ပြောပြသည်။
သက်မောင်(ကျောက်ဆည်)