ညောင်ဦးမြို့နယ် ကြက်တူရွေးပဲသီးစိုက် တောင်သူများ တစ်ပိဿာ ၁၀၀၀ ကျပ် ရောင်းချနေရခြင်း ကြောင့် မိသားဝင်ငွေရရှိ

ညောင်ဦး အောက်တိုဘာ  ၂၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုရှိ ကျေးရွာများ၊ သစ်ထောင့် ကျွန်းကျေးရွာများ၊ သူကောင်းတည်ကျေးရွာများသည် ကြက်တူရွေးပဲသီး စိုက်ပျိုးခြင်းအား ယခုနှစ် မိုးရာသီတွင် စမ်းသပ်စိုက်ပျိုးကြရာ အပင်ဖြစ်ထွန်းကောင်းမွန်ပြီး အပွင့်ပွင့်နှုန်း၊ အသီးသီးနှုန်း ကောင်းမွန်ခြင်းကြောင့် ကြက်တူရွေးပဲသီးတောင့်များ ဆွတ်ခူး ရောင်းချချိန် တစ်ပိဿာ ၁၀၀၀ ကျပ် ရောင်းချနေရကြောင်း သစ်ထောင့်မြောက်ကျေးရွာ တောင်သူ ဦးအေးကိုထံက သိရသည်။

ကြက်တူရွေးပဲ စတင်စိုက်ပျိုခြင်းအား ဝါဆိုလ၊ ဝါခေါင်လတွင် စတင်စိုက်ပျိုးခဲ့ပြီး တိုင်ထောင်စနစ်ဖြင့် စိုက်ပျိုးခဲ့ကြောင်း၊ အစေ့တိုက်ရိုက်မြေချစနစ်ဖြင့် စိုက်ပျိုးပြီး တစ်စေ့နှင့် တစ်စေ့ တစ်ပေအကွာ စိုက်ပျိုးကြကြောင်း၊ သုံးရက်ဖြင့် အပင်ပေါက်ကာ၊ အပင်ပေါက် ပြီးတစ်လခန့်ကြလျှင် အဖူးအပွင့် စတင်ဖူးပွင့်ပြီး အသီးသီးကြောင်း သိရသည်။ ကြက်တူရွေးပဲသည် ရေကြိုက်ခြင်းရှိကာ ယခုနှစ်မိုးရာသီ တွင် ညောင်ဦးမြို့နယ် မိုးရွာသွန်းမှုများသော်လည်း အပင်များ ဖြစ်ထွန်းမှု အားကောင်းပြီး ပဲသီးတောင့် ရှည်ကာ အလုံးတုတ်ခြင်းကြောင့်၊ နွေရာသီစိုက် ကြက်တူရွေးပဲထက် အချိန်ပိုခံကြောင်း၊ ညောင်ဦး မြို့နယ်တွင် ကြက်တူရွေးပဲစိုက်ပျိုးခြင်းအား ယခုနှစ်မိုးရာသီတွင် တောင်သူများ စမ်းသပ်စိုက်ပျိုးကြရာ ပဲသီးအသီး သီးနှုန်းကောင်းမွန်ပြီး ဈေးနှုန်းလည်း ကြက်တူရွေးပဲစိုက်တောင်သူများ မျှော်လင့်နေသည့် ဈေးနှုန်းဖြစ်ခြင်းကြောင့် စိုက်ရကျိုးနပ်သည့် ပဲဖြစ်ခဲ့ကြောင်း၊ ကြက်တူရွေး ပဲသီးခူးချိန်သည်လည်း နှစ်ရက်တစ်ခါခူးရခြင်း၊ ရေသွင်းစရာမလိုပဲ မိုးရေဖြင့်အပင် ဖြစ်ထွန်းခြင်းကြောင့် ဒီဇယ်/ဓာတ်ဆီဖိုး သက်သာကြောင်း၊ ပေတစ်ရာငါးဆယ်ပတ်လည် စိုက်ပျိုးကွက်တစ်ကွက် တစ်ခါဆွတ်ခူး ပိဿာချိန် ၂၅ပိဿာ ဆွတ်ခူးရရှိပြီး တစ်ပိဿာ ၁၀၀၀ ကျပ် ရောင်းချရခြင်းကြောင့် ကြက်တူရွေးပဲ စမ်းသပ် စိုက်ပျိုးတောင်သူများ မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း၊ ပဲသီးရောင်းချချိန်တွင်လည်း ကုန်စိမ်းပွဲရုံများက ချက်ခြင်းဝယ်ယူကြကြောင်း၊ ပဲသီးဝယ်ပွဲစား များလည်း စိုက်ခင်းအထိလာ ရောက်ဝယ်ယူကြကြောင်း၊ ထွက်ရှိလာသည့် ကြက်တူရွေးပဲသီးများအား ညောင်ဦး၊ မြင်းခြံ၊ တောင်သာ၊ ငါ့သရောက်ပွဲစားများ လာရောက်ဝယ်ယူ ကြခြင်းများလည်းရှိကာ ဈေးကွက်သို့ ကိုယ်တိုင်ရောင်းချ ခြင်းများလည်း ရှိကြောင်း သိရကာ ကြက်တူရွေးပဲ စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း၊ မိုးများသည့် ဒေသများတွင် ကြက်တူရွေးပဲ စိုက်ပျိုးသင့်ကြောင်းလည်း  ဦးအေးကိုက ရှင်းပြ၍ သိရသည်။

ကိုထိန်၊ KPD