မောင်တော အောက်တိုဘာ ၂၁
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရခိုင်ရိုးရာ အစဉ်အလာအတိုင်း ဆွမ်းဆန်တော်လောင်းလှူပူဇော်ပွဲနှင့် ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ပူဇော်ခြင်းကို ယမန်နေ့ သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းတွင် မောင်တောမြို့ပေါ်၌ တည်ငြိမ်အေးချမ်းစွာ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် မောင်တောမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအသီးသီးမှ စေတနာရှင် ပြည်သူများ၊ လူငယ်အဖွဲ့အစည်းများ စုပေါင်းကာ မိမိတို့ ရပ်ကွက်၊ကျေးရွာများအလိုက် ရခိုင်ရိုးရာ ယဉ်ကျေးမှု အစဉ်အလာအတိုင်း ဝါတွင်းကာလ၌ ဆွမ်းဆန်တော် လောင်းလှူပွဲကို ကျင်းပလျက်ရှိရာ ယခုနှစ်တွင်လည်း ရဟန်း၊ သံဃာတော်များကို မိမိတို့ ရပ်ကွက်၊ ကျေးရွာများအလိုက် မြို့ဘုန်းတော်ကြီးကျောင်းမှ စတင်ထွက်ခွာကာ ဗိမာန်နားဒါက်ရွာလမ်း၊ ဦးဥတ္တမလမ်း၊ ဘောလုံးကွင်းလမ်း၊ မြို့မနာရီစင် လမ်းမကြီးအတိုင်း စီတန်းလည့်လည်ပြီး ရဟန်း၊ သံဃာတော်အပါး (၇၀)ခန့် အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္တူများ စည်းကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြသည်။
ထို့နောက် ဆီမီးထွန်းပူဇော်ရာတွင် ဗုဒ္ဓမြတ်စွာ ဘုရားရှင်အား ရည်မှန်းပြီး အဘိဓမ္မာအခါတော် သီတင်းကျွတ် လပြည့်နေ့တွင် မြို့ဦးရွှေစည်းဂုံ စေတီတော်မြတ်ကြီး၌ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်ဖြင့် ရပ်ကွက်အသီးသီးမှ ပြည်သူများစုပေါင်းပြီး မြို့ဦးရွှေစည်းဂုံ စေတီတော်မြတ်အား စီတန်းလှည့်လည်ကာ ပူဇော်ခြင်းနှင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ ကရုဏာကွန်ရက် အဖွဲ့သားများမှ ဘုရားဖူး ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။ ထို့အတူ ရပ်ကွက်ကျေးရွာများအတွင်း လမ်းသွယ်၊ လမ်းကြား၊ လမ်းမကြီးများတွင် ဆီမီး အလှဆင်ခြင်း၊ စတုဒီသာကျွေးမွေးခြင်းများကိုလည်း တည်ငြိမ်အေးချမ်းစွာ ပြုလုပ်ဆောင် ရွက်ကြ ကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)