ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များတွင် သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့၌ စတုဒီသာကျွေူးမွေး လှူဒါန်းသည့်အလှူများဖြင့် အထူးစည်ကားလျှက်ရှိ

ကျောက်ဖြူ      အောက်တိုဘာ ၂၀

၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာနေ့တွင် ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များ၌ ညနေ ၃ နာရီအချိန်ခန့်မှစ၍ စတုဒီသာကျွေးမွေးလှူဒါန်းသည့် အလှူများဖြင့် အထူးစည်ကားလျှက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့မိသားစုက သီတင်းကျွတ်လပြည့်နေ့ဆိုရင် နှစ်စဉ်၊နှစ်တိုင်း ရခိုင်မုန့်တီအာပူလျှာပူချက်ပြုတ်ပြီးတော့ လမ်းသွား၊လမ်းလာပြည်သူတွေ၊ ရပ်ကွက်နေပြည်လူတွေနဲ့ အငှားယာဉ်မောင်းနှင်နေသူတွေကို စတုဒီသာ လှူဒါန်းဖြစ်ပါတယ်၊ သူတို့ဆီကပြန်ပြီးတော့ ဆုပေးစကားသံတွေ ကြားရတာနဲ့ကို အရမ်းပီတိဖြစ်ရပါတယ်၊ နောင်နှစ် တွေမှာလည်း ဆက်လက်လှူဒါန်းသွားပါအုန်းမယ် ခင်ဗျာ”ဟု ရခိုင်မုန့်တီအာပူလျှာပူ စတုဒီသာ လှူဒါန်းသည့် ရခိုင်ပိုက်ဆိပ်နေ PPA အလုပ်ရုံပိုင်ရှင်၊ ဦးပြည့်ဖြိုးအောင်ကပြောသည်။

ကျောက်ဖြူမြို့တွင် မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ရခိုင်ပိုက်ဆိပ်ရပ်ကွက်၊ သန်ပန်ချောင်းရပ်ကွက်၊ အနောက်ပိုင်း ရပ်ကွက်၊ အစိုးရရပ်ကွက်၊ အရှေ့ပိုင်းရပ်ကွက်စသည့် ရပ်ကွက်အချို့တွင်လည်း ရခိုင်မုန့်တီအာပူလျှာပူ၊ ကြာဇံဟင်းခါး၊ မုန့်ဟင်းခါး၊ အအေးနှင့် အချိုရည်များကို ရပ်ကွက်နေပြည်သူများ၊ လူပျိုအပျိုအဖွဲ့များနှင့် လုပ်ငန်းရှင်များက တစ်ဦးချင်းသော်လည်းကောင်း၊ အသင်အဖွဲ့များနှင့်သော်လည်းကောင်း စတုဒီသာ စုပေါင်းလှူဒါန်းကျွေးမွေးလျက်ရှိရာ လာရောက်စားသာက်သုံးဆောင်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရှိရသည်။

တင်ထွန်းဦး (ပြန်/ဆက်)