ကျောက်ပန်းတောင်း အောက်တိုဘာ ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် လက်ပံအိုင့်ကျေးရွာ၊ လက်ကံအိုင့် ကျောင်းတိုက်ဝင်း တည်ထားကိုးကွယ်သည့် ဘုရားကြီးနှင့်ဘုရား ပွဲတော်အား ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့) တွင် ကျရောက်သည့် ဗုဒ္ဓပူဇနိယပွဲတော်အား ကိုဗစ်-၁၉ ရောဂါကာလ နှစ်နှစ်အတွင်း ဆွမ်းရေစက်ချရုံသာ အကျဉ်းချုံးကျင်းပလာခဲ့ရာမှ ယခုနှစ်တွင် ရိုးရာမပျက် ပြန်လည် ကျင်းပခဲ့ကြောင်း လက်ပံအိုင့်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးပခန်းညိုထံက သိရသည်။
လက်ပံအိုင့်ကျေးရွာတွင် ဝါကျွတ်ပွဲတော်ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့တွင် ကျရောက်သည့် လက်ပံအိုင့်ဘုရားပွဲ (ဗုဒ္ဓပူဇနိယပွဲတော်) ကို ရွာထဲရှိ သက်ကြီးဘိုးဘွားများ၊ ဆွေမျိုး ဉာတိ သက်ကြီးသူများအား ကန်တော့ကြသည့် ပွဲတော်ဖြစ်ကာ၊ ဘုရားပွဲတော်ကိုလည်း ရိုးရာအစဉ် အလာမပျက် တံခွန်ပြုလုပ်ကာ ရွာထဲရှိ ကုမ္မာရီလှပျိုဖြူများက တံခွန်၊ ကုက္ကား၊ ကြက်ရှာတိုင် ကိုင်ဆောင်ခြင်း၊ သက်ကြီးအမျိုးသမီးများက ကန်တော့ပွဲများရွက်ပြီး ဘိုးစဉ်ဘောင်ဆက်ကိုး ကွယ်ခဲ့သည့် ဘုရားကြီးအားလှည့်လည် ပူဇော်ကာ ကပ်လှူပူဇော်ကြကြောင်းသိရသည်။ အရပ်အခေါ် တံခွန်သွန်းခြင်းဖြစ်ပြီး ရှေ့ဆုံးမှ ကုမ္မာရီအမျိုးသမီးနှစ်ဦးက နဂါးခေါင်းကိုင်ကြရပြီးနောက်မှ တံခွန်တိုင်၊ ကုက္ကား၊ ကြက်ရှာတိုင်များ ကိုင်ဆောင်ပြီး တန်းစီကာ လှည့်လည်ပူဇော်ကြကြောင်း၊ နောက်ဆုံးမှ ကာလသား (လူပျိုးလေး) များက ဒိုးပတ်၊ ဝါးလက်ခုပ်၊ ရှပ်လင်ကွင်း၊ နှဲ၊ ပလွေတို့ဖြင့် အတီးအမှုတ်ဖြင့် လှည့်လည်ပူဇော်ကြကြောင်းလည်း သိရကာ ရိုးရာမပျက် တံခွန်သွန်းခြင်း ပြန်လည် ပူဇော်ခဲ့ကြောင်း ဦးပခန်းညိုက ရှင်းပြ၍သိရသည်။
ကိုထိန်၊KPD