ကျိုက်မရော အောက်တိုဘာ ၂၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော သမိုင်းဝင်ဆုတောင်းပြည့် ဘုရားကြီး၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်သည် မွန်လူမျိုးအများဆုံးနေထိုင်ရာ မြို့ဖြစ်သဖြင့် မွန်လူမျိုးတို့၏ ဓလေ့ရိုးရာတစ်ခုဖြစ်သော သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်) နေ့တွင် ဘုရားကျောင်းကန်၊ စေတီပုထိုးများ၌ နံနက် ၅ နာရီမှစတင်ကာ ဆုတောင်းပြည့်ဘုရားကြီးအား မျက်နှာသစ်တော်ရေချမ်း ဆက်ကပ်ခြင်း၊ အာရုဏ်ဆွမ်း၊ သစ်သီးပေါင်းစုံဆွမ်းဆက်ကပ်ခြင်း စသည့် ကောင်းမှုကုသိုလ်ပြုကြသူများ၊ ဘုရားကြီးဓမ္မာရုံအတွင်း၌ (၉) ပါးသီလ ခံယူ ဆောက်တည်ကြသူများဖြင့် နံနက်မိုးလင်းပိုင်းမှစ၍ စည်ကားလျက်ရှိနေကြောင်း သိရသည်။
ယနေ့နေ့လယ်ပိုင်းတွင် မြို့အဝင်ထန်းပင်တန်းနှင့် စပယ်ဂူတံတားကြီး၌ ရုံးပိတ်ရက် အပန်းဖြေ အနားယူလာရောက်လည်ပတ်ကြသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ ရပ်ဝေးရပ်နီးတို့မှ အပန်းဖြေလာရောက်သူများ၊ ထန်းပင်တန်းအလှနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသူများဖြင့် ကျိုက်မရောမြို့အဝင် ထန်းပင်တန်းနှင့် စပယ်ဂူတံတားပေါ်၌ တိုးမပေါက်အောင် စည်ကားလျက်ရှိနေကြောင်း အပန်းဖြေလာရောက်လည်ပတ်သူတစ်ဦးထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)