ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၂၀
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ပြည်လုံးချမ်းသာဗုဒ္ဓရုပ်ပွားမြတ်ကြီးနှင့် ရှင်သီဝ လိရဟန္တာမြတ်တို့ မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီ ကြွချီ အပူဇော်ခံယူပွဲတော်ကို (သီတင်းကျွတ်လ ပြည့်နေ့) ယနေ့နံနက် (၁၀) နာရီအချိန်မှ စတင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ လွမ်းစေတီဘုရားကြီး ကျောင်းတိုက်တွင် ကိန်းဝပ်စံ ပယ်တော်မူသော ပြည်လုံးချမ်းသာ ဗုဒ္ဓရုပ်ပွားမြတ်ကြီးနှင့် ရှင်သီဝလိရဟန္တာမြတ်တို့ မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲတော်ကို နှစ်စဉ်သီတင်းကျွတ်ကာလရောက်တိုင်း ကျင်းပပြုလုပ် လျက်ရှိပြီး အောက်တိုဘာလ (၂၀) ရက်နေ့မှ အောက်တိုဘာလ (၂၂) ရက်နေ့အထိ သုံးရက်တိုင်တိုင် နေ့စဉ်နံနက် (၁၀) နာရီအချိန်မှ ညနေ (၆) နာရီအချိန်အထိ မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီ အပူဇော်ခံ ယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံရာ လမ်းတစ်လျှောက်တွင်လည်း ဂေါပက အဖွဲ့ဝင်များနှင့် လူငယ်အဖွဲ့များကလိုက်ပါ ကုသိုလ်ယူ ဆောက်ရွက်ခဲ့ကြပြီး ရပ်ကွက်အလိုက် စေတနာအလှူရှင်များကလည်း ကုသိုလ်ဒါနအဖြစ် မုန့်များ၊ အစားအသောက်များ လှူဒါန်းခြင်းများကို ဆောင် ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက် (ထန်းတပင်)