ကျောက်ဖြူမြို့တွင် သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့၌ ပေါ်တော်မူကံ့ကော်တောဘုရားသို့ ဥပုသ်သီလဆောက်တည်ရန် လာသူများ၊ ဘုရားဖူး လာသူများဖြင့်စည်ကား

ကျောက်ဖြူ   အောက်တိုဘာ ၂၀

၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာနေ့တွင် ကျောက်ဖြူမြို့၊ ဂုံးချွိန်ကျေးရွာရှိ သမိုင်းဝင် ဆုတောင်းပြည့် တန်ခိုးကြီးဘုရားဖြစ်သော ပေါ်တော်မူကံ့ကော်တောဘုရားသို့ ဥပုသ်သီလ ဆောက်တည်ရန် လာရောက်ကြသူများ၊ ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကား များပြားလျက်ရှိကြောင်း သိရသည်။

ထိုသို့ သီလဆောက်တည်ရန် လာရောက်သူများနှင့် ဘုရားဖူးလာရောက်ကြသူများမှာ ယနေ့ နံနက် ၆ နာရီခန့်ကပင် အဆိုပါ ဘုရားရင်ပြင်ပေါ်၌ သီလခံယူဆောက်တည်ခြင်း၊ ဘုရားဆင်းတုတော်အား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဘုရားပန်း၊ ဆီမီး၊ ရေချမ်း ကပ်လှူပူဇော်ခြင်း၊ အဓိဋ္ဌာန်ပုတီးစိပ်ခြင်းများကို ပြုလျက်ရှိသည်။ အလားတူ သမိုင်းဝင်ကျောက်တစ်လုံးဘုရားနှင့် ဘုန်းတော်ကြီး ကျောင်းများတွင်လည်း ဥပုသ်သီလ ဆောက်တည်သူများ ပြားလျက်ရှိပြီး ရပ်ကွက်များတွင် စတုဒိသာ အလှူ ပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြသည်။

အဆိုပါ သမိုင်းဝင်တန်ခိုးကြီး ကံ့ကော်တောဘုရားမှာ ပေါ်တော်မူ ဆုတောင်းပြည့်ဘုရားဖြစ်ပြီး ကံ့ကော်ပင်များစွာရှိသည့် တောအုပ်တွင် ကိန်းဝပ် စံပယ်တော်မူရာမှအစွဲပြု၍ ကံ့ကော်တောဘုရားဟု ခေါ်ဆိုလာကြသည်။ ၎င်းဘုရားသို့ ဘုရားဖူးလာရောက်သူများ စိတ်ချမ်းမြေ့စွာ ဖူးမြော်နိုင်ရန်အတွက် ပရဟိတအသင်းအဖွဲ့များမှ ဘုရားပရဝုဏ်အတွင်း သန့်ရှင်းသာယာလှပနေရန် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းများကို အပတ်စဉ်ဆောင်ရွက် ထားရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဘုရားဖူးသူများအတွက် ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

တင်ထွန်းဦး (ပြန်/ဆက်)