ညောင်ဦး အောက်တိုဘာ ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ အောက်တိုဘာ၂၀ရက် သီတင်းကျွတ်လပြည့်နေ့ (ဘိဓမ္မာနေ့)တွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးမိဘပြည်သူများ လာရောက်လည်ပတ်လျက်ရှိရာ သမိုင်းဝင် အထင်ကရ ဘုရားများနှင့် သမိုင်းဝင်အဆောက်အဦ၊ သာသနိကအဆောက်အဦများတွင် မြန်မာပြည် အရပ်ရပ်မှ ဘုရားဖူးလာ ရောက်သည့် ပြည်သူများ ၅၀၀၀ ကျော်ခန့်ရှိကြောင်း ရွှေစည်းခုံဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးသန်းမြင့်အောင်ထံကသိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ကိုဗစ်-၁၉ ရောဂါ မြန်မာပြည် စတင်ဖြစ်ပွားချိန်မှစတင်ပြီး ပုဂံဒေသရှိဘုရားများဖူးမြော်ခွင့်၊ လေ့လာခွင့်ပိတ်ထားခဲ့ရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့မှစတင်ပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ဂေါပက အဖွဲ့ထားရှိသည့် ဘုရား ၁၉ ဆူအပါအဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိဘုရား၊ စေတီ၊ ပုထိုး၊ သာသနိကအဆောက်အဦများ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီပြန် လည်ဖူးမြော်ခွင့်ပြုခဲ့ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံကသိရသည်။
ယခု ရက်ပိုင်း ဘုရားဖူးများ များလာကြောင်း၊ ဟဲဟိုး၊ တကောင်း၊ တောင်ကြီး၊ ဟိုပုံး၊ နတ်မောက်၊ မကွေး၊ ပဲခူး၊ ပခုက္ကူ၊ ကျောက်ပန်းတောင်း၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စတဲ့ မြို့တွေကနေလာရောက်ကြကြောင်း၊ တုရင်တောင်စွယ်တော် မြတ်စေတီ၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ ရွှေဆံတော်၊ ထီးလိုမင်းလို၊ ရွှေစည်းခုံ၊ မနုဟာ၊ အာနန္ဒာ၊ ဗူးဘုရား၊ အလိုတော်ပြည့်၊ ကျောက်ဂူဥမင်၊ ပြဿဒ်ကြီးဘုရား၊ သဗ္ဗညုဘုရားနှင့် ကန်တော့ ပလ္လင်ဘုရားများသို့ လာရောက်ဖူးမြော်သူ ၂၅၀၀ ဦးမှ ၅၀၀၀ ဦးအထိ ရှိကြောင်းသိရသည်။
မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးပြည်သူများသည် သမိုင်းအထင်ကရ ဘုရားများအပြင် ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ သာသနိကအဆောက်အဦ၊ စေတီပုထိုး၊ ဘုရားများရှိ နံရံဆေးရေးပန်းချီများကိုလည်း စိတ်ဝင်စားမှုမြင့်တက်လာကြောင်း ယခုရက်ပိုင်းကဲ့သို့ ဘုရားဖူးများ လာရောက်ခဲ့ပါက ဈေးဆိုင်များ၊ မြင်းလှည်း အငှားလိုက်သမားများ၊ အီးဗိုက်ငှားစားသူများ၊ တုတ်တုတ်ခေါ် သုံးဘီးအငှားသမားများ၊ ဗူးဘုရားမြစ်ဆိပ် စက်လှေ အငှားလိုက်သူများပြန်လည်အဆင်ပြေလာနိုင်ကြောင်း စက်လှေအငှားလိုက်သူ များပြန်လည်အဆင်ပြေလာနိုင်ကြောင်း၊ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ဘုရားဖူးလာရောက်သူများပြားလာသည်မှာ နှစ်နှစ်အတွင်း သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့)တွင် ဘုရားဖူးလာရောက်သည့် ဦးရေများဆုံးကြောင်း ဂေါပကအဖွဲ့ရှိသည့် ဘုရား ၁၉ဆူတွင် ကိုဗစ်-၁၉ရောဂါစည်းကမ်းချက်များနှင့်အညီဖူးမြှော်စေကြောင်းလည်း ထီးလိုမင်းလိုဘုရားဂေါပက ဥက္ကဋ္ဌ ဦးတင်လှဦးက ပြောသည်။
ကိုထိန်၊KPD