မိတ္ထီလာမြို့ရှိ ဘုရားကျောင်းကန်၊ စေတီတော်များတွင် ဘုရားဖူးလာသူ၊ ကုသိုလ်ပြုသူများဖြင့်စည်ကား

မိတ္ထီလာ အောက်တိုဘာ ၂ဝ

မိတ္ထီလာမြို့ရှိ ဘုရားကျောင်းကန်၊စေတီတော်များတွင် ယနေ့အောက်တိုဘာလ ၂ဝ ရက်နေ့ သီတင်းကျွတ်လပြည့်နေ၌ ဘုရားဖူးလာရောက်သူများ၊ ဆီမီပန်းရေချမ်းကပ်လှူသူများနှင့် ဇီဝိတဒါနအဖြစ် မိတ္ထီလာကန်ထဲသို့ ငါးလွှတ်ကုသိုလ်ယူသူများ စည်ကားခဲ့ကြောင်းသိရသည်။

“မိတ္ထီလာမြို့မှာရှိတဲ့ သမိုင်းဝင်ဖောင်တော်ဦးစေတီတော်၊ မဟာဓမ္မရာဇိကရွှေမြင်တင်စေတီတော်၊ မိုးကောင်းအန္တကူရေလယ်စေတီတော်၊ နဂါးရုံမဟာဗောဓိစေတီတော်၊ ဓမ္မသုခရွှေစည်းခုံစေတီတော်၊ ဇေယျာ မုနိကျောက်တော်ကြီးဘုရား စတဲ့အထင်ကရ တန်ခိုးကြီးဘုရားကျောင်းကန်၊ စေတီတော်တွေမှာ ဒီနေ့သီတင်းကျွတ်လပြည့်နေ့ မနက်ပိုင်းမှာ ဘုရားဖူးလာသူ၊ ဘုရားကိုဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူသူ၊ ဇီဝိတဒါနအဖြစ် မိတ္ထီလာကန်ထဲ ငါးလွှတ်သူများနဲ့ စည်ကားပါတယ်။ ညနေပိုင်းလည်း စည်ကားမယ်ထင်ပါတယ်” ဟု  မိတ္ထီလာဒေသခံ ကိုစိုးမြင့် က ပြောသည်။

မိတ္ထီလာမြောက်ကန် ဦးကန်ထိပ်တွင် တည်ထားကိုးကွယ်သည့် ဓမ္မသုခရွှေစည်းခုံ စေတီတော်တွင်  ယနေ့သီတင်းကျွတ်လပြည့်နေ့နှင့် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ညများတွင် ဆီမီးထွန်းညှိပူဇော်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ