ဇမ္ဗူသီရိမြို့နယ်တွင် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) တို့ဖြင့် တင်သွင်းလာသည့် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းများဆောင်ရွက်

ဇမ္ဗူသီရိ   ဩဂုတ်   ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်း စိစစ်ရေး လုပ်ငန်းကော်မတီသို့ ရပ်ကွက်/ ကျေးရွာ (၁၄) ခုမှ တင်ပြလာသည့် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) ပုံစံများ စိစစ်သည့်လုပ်ငန်းကို ယနေ့နံနက် (၁၀) နာရီအချိန် က မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့သည်။

မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာပြီး (၂၁) ရက် ပြည့်မြောက်၍ ရပ်ကွက်/ ကျေးရွာ (၁၄) ခုမှ တင်ပြလာသည့် မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်ပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါ အချက် အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ) တို့ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများအား စိစစ်ခြင်း လုပ်ငန်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် အဖွဲ့ဝင်အဖြစ် ပါဝင်သော ဌာနဆိုင်ရာအကြီးအကဲများက မဲဆန္ဒရှင်စာရင်းများစိစစ်ရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ဇမ္ဗူသီရိမြို့နယ်တွင် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) တို့ဖြင့် တင်သွင်းလာသည့် မဲဆန္ဒရှင်စာရင်း စုစုပေါင်း (၁၂၀၀၀) ခန့်ရှိပြီး ဩဂုတ်လ ၁၈ ရက်နေ့မှ စတင်၍ မဲဆန္ဒရှင်စာရင်း စိစစ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)